Wednesday, January 30, 2019

ရွှေတိဂုံစေတီမှ ရွှေပြားများကိုစစ်ဆေးခွင့်ပေးရန် ပညာရှင်ငါးဦး အဆိုပြု


ရွှေတိဂုံစေတီရှိ ကြာမှောက်၊ ကြာလန်ဧရိယာမှ ရွှေစင်ပြား ၃၉၂၁ ချပ်၏ ရွှေအရည်အသွေးကို စစ်ဆေးခွင့်ပေးရန် ပညာရှင်ငါးဦးက အဆိုပြုထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာ၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောကြားသည်။ 
“စစ်ဆေးတာတော့ ကြာမယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဖြုတ်ထားတဲ့ဧရိယာက ကြီးတယ်။ အချပ်တိုင်းကိုစစ်ဖို့က ခက်တယ်လေ။ အချိန်ကြာမှာပေါ့။ အများစုကို ကိုယ်စားပြုတဲ့အဖြေ ဖြစ်စေရမယ်”ဟု ၎င်းကရှင်းပြသည်။ 

ရွှေတိဂုံဂေါပကအဖွဲ့က ကြာမှောက်၊ ကြာလန်ဧရိယာ၌ ရွှေပြား ၃၉၂၁ ချပ် ကပ်လှူထားရာ လက်ရှိတွင် ဖြုတ်ယူထားသည့်စာရင်းနှင့်ကိုက်ညီမှု ရှိ၊ မရှိ တိုက်ဆိုင် စစ်ဆေးလျက်ရှိကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။ 

ထို့ကြောင့် အဆိုပါလုပ်ငန်းစဉ် အဆင့်ဆင့်ပြီးစီးမှသာ အဆိုပြုထားသည့် ပြင်ပ ပညာရှင်များအပါအဝင် စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနနှင့် ရွှေနှင့်ပန်းထိမ်လုပ်ငန်းပညာရှင်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့ကို ဝန်ကြီးဌာနက ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ ထပ်မံသိရသည်။ 

ရွှေတိဂုံစေတီတော်ရှိ ကြာမှောက် ကြာလန်ဧရိယာ၌ ကပ်လှူထားသည့် ရွှေစင်ပြားများကို ၂၀၀၉ ခုနှစ်က ကပ်လှူခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်က ရွှေပါဝင်မှု ၉၈ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း အဆိုပါ ရွှေစင်ပြား ၃၉၂၁ ချပ်မှ ကိုးချပ်ကို ပညာရှင်များက ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းက စစ်ဆေးခဲ့ရာ ရွှေပါဝင်မှု ၉၈ ဒသမ ၉၁ ရာခိုင်နှုန်း ရလဒ်ထွက်ပေါ်ခဲ့သည့်အတွက် မူလကပ်လှူစဉ်ကထက် ရွှေပါဝင်မှုရာခိုင်နှုန်း ပိုများနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက နိုဝင်ဘာလ ၂၉ ရက်က ထုတ်ပြန်ထားသည်။ 

ရွှေတိဂုံစေတီ၏ ကြာမှောက်၊ ကြာလန်ဧရိယာ၌ အရွယ်စုံ ရွှေပြား ၃၉၀၀ ကျော် ရွှေ ၄၄ ပိဿာ အသုံးပြု ကပ်လှူထားခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment