Thursday, January 31, 2019

စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ကျပ်သိန်းခြောက်ရာကျော်ရ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲအတွက် လျှောက်ထားသူ ကိုယ်စားလှယ်လောင်း ၂၇၈ ဦးထံမှ မှတ်ပုံတင်ကြေး ကျပ်သိန်းခြောက်ရာသုံးဆယ်ကျော် ရရှိထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဇင်မင်းလှိုင်က ပြောကြားသည်။ 
ဒုတိယမြို့တော်ဝန် အပါအဝင် ကော်မတီဝင် ခြောက်ဦးအနေဖြင့် မြို့တော်ဘဏ်တွင် မှတ်ပုံတင်ကြေး ကျပ်ငါးသိန်းစီနှင့် မြို့နယ် ၃၃ မြို့နယ်မှကိုယ်စားလှယ်လောင်းများအနေနှင့် မှတ်ပုံတင်ကြေး ကျပ်နှစ်သိန်းစီ ပေးသွင်းရကြောင်း ၎င်းကပြောဆိုသည်။ 

“လာလျှောက်ထားတဲ့ ကိုယ်စားလှယ်လောင်း ၂၇၈ ဦးဆီကနေ မှတ်ပုံတင်ကြေးက ၆၃၇ သိန်းရတယ်။ အရွေးမခံရတဲ့ ကိုယ်စားလှယ်လောင်းတွေကို မှတ်ပုံတင်ကြေးပြန်ပေးမယ်။ အရွေးခံရတဲ့သူတွေကတော့ မှတ်ပုံတင်ကြေးပြန်မရပါဘူး”ဟု ဦးဇင်မင်းလှိုင်က ရှင်းပြသည်။ 

စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများအနေနှင့် မဲဆွယ်ကာလရွေးကောက်ပွဲအသုံးစရိတ်အဖြစ် ကော်မတီဝင် ခြောက်ဦးနေရာအတွက် တစ်ဦးလျှင် ကျပ်သိန်း ၂၀၀ နှင့် မြို့နယ်ကိုယ်စားလှယ်လောင်း ၉၉ ဦးအနေနှင့် တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ အသုံးပြုခွင့်ပေးထားသည်။ 

ဒုတိယမြို့တော်ဝန် အပါအဝင် ကော်မတီဝင် ခြောက်ဦးနေရာအတွက် ၂၇ ဦး၊ မြို့နယ်စည်ပင်ဥက္ကဋ္ဌ ၃၃ နေရာအတွက် ၁၀၂ ဦး၊ မြို့နယ် စည်ပင်သာယာအဖွဲ့ဝင် - ၁ နေရာအတွက် ၇၄ ဦး၊ မြို့နယ် စည်ပင်သာယာအဖွဲ့ဝင် - ၂ နေရာအတွက် လျှောက်ထားသူ ၇၅ ဦးရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။ 

အဆိုပါ ရွေးကောက်ပွဲကို မတ်လ ၃၁ ရက်နေ့တွင်ကျင်းပမည်ဖြစ်ပြီး စည်ပင်ကိုယ်စားလှယ်လောင်းများအနေနှင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့အထိ မဲဆွယ်ကာလ တစ်လပေးထားသည်။ 

The Voice

0 comments:

Post a Comment