Wednesday, January 30, 2019

အောင်ရဲထွေးသေဆုံးမှုနှင့်ပတ်သက်၍သားကြီးပါ ၃ ဦးကို ရဲအုပ်ချစ်ကိုကို၏ စွမ်းဆောင်မှုကြောင့် စွဲချက်တင်နိုင်ခဲ့ခြင်းဖြစ်ဟု ဆို


အဂတိလိုက်စားမှုဖြင့် အမှုရင်ဆိုင်နေရသောရဲအုပ်ချစ်ကိုကိုသည် အောင်ရဲထွေးသေဆုံးမှုကို အမှုစစ်အဖြစ်ကိုင်တွယ်စစ်ဆေးခဲ့စဉ်အချိန်က ၎င်း၏စွမ်းဆောင်ချက်ကြောင့် တရားခံသားကြီးပါ ၃ ဦးတို့ကို လူသတ်မှုဖြင့်စွဲချက်တင်နိုင်ခြင်းဖြစ်ကြောင်း ရဲအုပ်ချစ်ကိုကို၏ ရှေ့နေဦးသန်းအောင်က ပြောသည်။ 
ရန်ကုန်တိုင်းလွှတ်တော်တရားရုံး၌ ယနေ့(ဇန်နဝါရီလ ၃၀ ရက်)က ငွေကျပ်သိန်း ၃၀ လာဘ်စားမှုဖြင့် အမှုရင်ဆိုင်နေရသောရဲအုပ်ချစ်ကိုကိုအား ရုံးထုတ်စစ်ဆေးခဲ့ရာတွင် ၎င်း၏ရှေ့နေဦးသန်းအောင်က ယခုလိုပြန်လှန်မေးခွန်းဖြင့် တရားခွင်အတွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 

သရုပ်ဆောင်အောင်ရဲထွေးသေဆုံးသောဖြစ်စဉ်၌ တရားခံများဖြစ်ကြသော သားကြီးပါ ၃ ဦးအား ရန်ကုန်အရှေ့ပိုင်းခရိုင်တွဲဖက်တရားသူကြီးက ၃၀၂(၂) ဖြင့်စွဲချက်တင်ရန်အမိန့်ချမှတ်နိုင်ခြင်းမှာ အမှုစစ်ရဲအုပ်ချစ်ကိုကို၏ ကျစ်လစ်ခိုင်မာအထောက်အထားပြည့်စုံစွာဖြင့် ဥပဒေနှင့်တည်ဆောက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင်က တရားခွင်အတွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ရှေ့နေဦးသန်းအောင်၏ပြောဆိုမှုမှာ တစ်စိတ်တစ်ပိုင်းမျှသာမှန်ကန်ပါသည်ဟု တရားလိုဦးမိုးနိုင်ကတုံ့ပြန်ခဲ့ပြီး ရဲအုပ်ချစ်ကိုကိုသည် ရဲလုပ်ထုံးလုပ်နည်းအတိုင်းသာဆောင်ရွက်နေခြင်းဖြစ်ပြီး အကယ်၍ထိုသို့ဆောင်ရွက်ခြင်း မရှိပါက ရဲစည်းကမ်းအတိုင်းရာထူးအရွေ့အပြောင်းများရှိနိုင်သည်ဟူ၍ ဦးမိုးနိုင်ကချေပသွားခဲ့သည်။ 

ယခုအမှု၌ လိုပြသက်သေဖြစ်သောတရားလိုဦးမိုးနိုင်ကိုစစ်ဆေးပြီးပြီဖြစ်သည့်အတွက် လိုပြသက်သေ ၁၇ ဦး ကျန်ရှိနေသေးပြီး လာမည့်ဖေဖော်ဝါရီလ ၆ ရက်တွင် ရဲအုပ်ချစ်ကိုကိုအမှုကို ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ဒါးဇ(အကုန်သိသတင်းဌာန)

0 comments:

Post a Comment