Wednesday, January 30, 2019

ပြည်တွင်းသို့ ၀င်ရောက်လာသည့် ၅ နှစ်တာအတွင်း ၂၀၁၈ သည် ရောင်းအားအနည်းဆုံးဖြစ်ကြောင်း FUSO Myanmar ပြော


၂၀၁၄ ခုနှစ်ကစတင်၍ ပြည်တွင်းဈေးကွက်သို့ စတင်ဝင်ရောက်လာသော FUSO ကားများမှာ ၂၀၁၈ ခုနှစ်တွင် ရောင်းအား အနည်းဆုံးဖြစ်ခဲ့ကြောင်း FUSO Myanmar မှ Sale Manager မအေးဝင်းထွန်းက ပြောသည်။ 
FUSO Myanmar သည် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကိုက်ညီသည့် ကုန်တင်ယာဉ်များကို ဂျပန်နှင့် အိန္ဒိယနိုင်ငံမှ တင်သွင်းရောင်းချလျက်ရှိပြီး လက်ရှိတွင် ရန်ကုန်နှင့် မန္တလေး၌ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ 
ပြည်တွင်းဈေးကွက်အတွင်း တင်သွင်းရောင်းချမှုမှာ ငါးနှစ်တာကာလရှိပြီဖြစ်ပြီး စီးပွားရေးကျဆင်းသည့် ကာလဖြစ်နေသည့် အတွက် ရောင်းအားများမှာ ကျဆင်းနေကြောင်း သိရသည်။ 
"ရန်ကုန်နဲ့ မန္တလေးမှာတော့ သယ်ယူလို့ရပါပြီ။ ဝယ်တဲ့သူတွေ အဆင်ပြေအောင် ကျွန်မတို့ဘက်က CB ဘဏ်၊ ရိုးမဘဏ် အစရှိ တဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီးတော့ ရောင်းပေးပါတယ်။ ကျွန်မတို့က ရောင်းအားကို ၁ နှစ် ၂၀ ရာခိုင်နှုန်းစီ တိုးတက်ရမယ်လို့ ရည်မှန်းချက်ထား ထားပါတယ်။ ဒါပေမဲ့လည်း စီးပွားရေးတွေက ကျဆင်းနေတဲ့အတွက် ရောင်းအားက ကျဆင်းတယ်။ အထူးသ ဖြင့် ၂၀၁၈ က အဆိုးဆုံးပဲ။ ပြီးတော့ SKD စနစ် လုပ်ဖို့တော့ လောလောဆယ်မရှိသေးပါဘူး။ ပြည်တွင်းကုမ္ပဏီတစ်ခုနဲ့ ဖက်စပ် လုပ်တာပါ။ မြန်မာ ၆၀ ပြည်ပ ၄၀ ဖြစ်ပါတယ်" ဟု မအေးဝင်းထွန်းက ပြောသည်။ 
FUSO သည် Daimler Trucks အောက်ရှိ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ ဥရောပနှင့် အရှေ့ အလယ်ပိုင်းဒေသအစရှိသည့် ကမ္ဘာ့ဒေသအများစုတွင် သုံးစွဲနေသော အမှတ်တံဆိပ်တစ်ခုဖြစ်ကြောင်း သိရသည်။ 
အဆိုပါယာဉ်၏ ပျမ်းမျှခံနိုင်ဝန်မှာ ၃.၅ တန်မှ ၄၉ တန်အထိ တင်ဆောင်နိုင်သော လုပ်ငန်းသုံးကုန်တင်ယာဉ်အမျိုးမျိုး၊ ခရီးသည် တင်ယာဉ်များ၊ စက်မှုလုပ်ငန်းသုံး အင်ဂျင်များနှင့် ဘတ်စ်ကားများကို ဈေးကွက်ပေါင်း ၁၆၀ ကျော်တွင် ရောင်းချလျက်ရှိကြောင်းလည်း သိရသည်။ 
လက်ရှိတွင် အမျိုးအစားပေါင်း ၅၀ ကျော်ကို ဈေးကွက်အတွင်းရောင်းချရန် အဆင်သင့်ဖြစ်နေပြီး ဈေးနှုန်းမှာ အနိမ့်ဆုံး ကန်ဒေါ် လာ ၂၈၀၀၀ မှ ဒေါ်လာသိန်းကျော်အထိရှိကြောင်း သိရသည်။ 

စုသက်နှင်း (အကုန်သိသတင်းဌာန)

0 comments:

Post a Comment