Thursday, January 31, 2019

နောက်ကျဒဏ်ကြေးပေးရုံဖြင့် MyCo စနစ် ပြန်လည်မှတ်ပုံတင်ခြင်း ဆောင်ရွက်ပေးမည်မဟုတ်

အီလက်ထရွန်နစ်မှတ်ပုံတင်စနစ် (MyCO) ဖြင့် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ လာရောက်မှတ်ပုံမတင်သည့် ကုမ္ပဏီများကို နောက်ကျဒဏ်ကြေးပေးဆောင်ရုံမျှဖြင့် ပြန်လည်မှတ်ပုံတင်ခြင်းများ ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောကြားသည်။ 
MyCO ဖြင့် ပြန်လည်မှတ်ပုံတင်ရန်အတွက် ခြောက်လကြာ အချိန်ပေးထားခဲ့ပြီးဖြစ်၍ ယင်းအချိန်အတွင်း မှတ်ပုံမတင်သည့် ကုမ္ပဏီများအနေနှင့် ခိုင်လုံသည့် အကြောင်းပြချက်ပေးနိုင်မှသာ ပြန်လည်မှတ်ပုံတင်ခြင်းကိစ္စကို လုပ်ဆောင်ပေးသင့်၊ မပေးသင့်ကို စိစစ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“မှတ်ပုံတင်ဖို့နောက်ကျတဲ့ကိစ္စကို ခိုင်လုံတဲ့အကြောင်းပြချင်မရှိရင် ပြန်လည်မှတ်ပုံတင်ပေးဖို့ကိစ္စကို ဆောင်ရွက်မပေးဘူး။ ကုမ္ပဏီကို စာရင်းပယ်ဖျက်သွားမယ်။ ကုမ္ပဏီအသစ်အနေနဲ့ပဲ ပြန်လျှောက်လို့ရမယ်” ဟု ၎င်းက ဆိုသည်။ 

လက်ရှိအချိန်တွင် MyCO စနစ်ဖြင့် မှတ်ပုံတင်ရန် ကျန်ရှိနေသော ကုမ္ပဏီပေါင်း တစ်သောင်းခွဲနီးပါးအထိရှိပြီး ယင်းကုမ္ပဏီများထဲတွင် ကုမ္ပဏီမှတ်ပုံတင်ထားပြီး လုပ်ငန်းဆက်လက်လုပ်ဆောင်နေခြင်းမရှိသည့် ကုမ္ပဏီများလည်း ပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

၂၀၁၇ ခုနှစ်တွင် အတည်ပြုခဲ့သည့် မြန်မာနိုင်ငံ ကုမ္ပဏီအက်ဥပဒေသစ်အရ တစ်နိုင်ငံလုံးရှိ မှတ်ပုံတင်ပြီးသား ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် အီလက်ထရွန်နစ်မှတ်ပုံတင်စနစ် (MyCO) ဖြင့် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အတွင်း ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်သည်။ 

MyCO စနစ်ဖြင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း လေးသောင်းတစ်ထောင်ကျော် ရှိပြီဖြစ်ကြောင်းရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

The Voice

0 comments:

Post a Comment