Thursday, January 31, 2019

တောင်ငူတက္ကသိုလ်ဘွဲ့ဓာတ်ပုံများ ပြင်ပဓာတ်ပုံဆရာများ ရိုက်ခွင့်ပိတ်


ပဲခူးတိုင်း တောင်ငူတက္ကသိုလ်တွင် ၁၇ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပသည့်ရက်များအတွင်း ပြင်ပဓာတ်ပုံဆရာများ ကျောင်းဝင်းအတွင်း ဝင်ရောက်ရိုက်ကူးခွင့် ပိတ်ပင်လိုက်သည့်အတွက် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ဘွဲ့ယူကျောင်းသားများထံမှ သိရသည်။ 
လွန်ခဲ့သည့် နှစ် ၂၀ ခန့်က တောင်ငူမြို့အနောက်ဘက် ညောင်ပင်ကိုင်းကျေးရွာအနီးတွင် ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်ပညာရေးဦးစီးဌာနအောက်ရှိ တောင်ငူတက္ကသိုလ် (ဝိဇ္ဇာ၊ သိပ္ပံ) ၏ ၁၇ ကြိမ်မြောက် ဘွဲ့ပေးအပ်ပွဲကို ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ကျင်းပနေသည့်ပွဲအတွင်း ဓာတ်ပုံရိုက်ခြင်းကို တင်ဒါခေါ်၍ ဓာတ်ပုံရိုက်ကူးခွင့်ပြုထားသည့်အတွက် ထိုသို့ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ 

“ကျွန်တော်ကိုယ်တိုင် ဓာတ်ပုံဆရာတစ်ယောက်ဖြစ်သလို အခုဘွဲ့ယူမှာပါ။ သူတို့လေလံရတဲ့အဖွဲ့က ဖြစ်သလိုရိုက်တဲ့ပုံတွေကို ဘယ်လိုမှလက်ခံလို့မရဘူး။ အခုလိုဘွဲ့ယူကျောင်းသားက ကျောင်းထဲမှာ ရိုက်ခွင့်မရဘူးဆိုတာ မဖြစ်သင့်ဘူးလို့ ယူဆတယ်”ဟု ရုက္ခဗေဒဘွဲ့ယူမည့် ဓာတ်ပုံဆရာ ကိုသန့်လွှမ်းဝေချစ်က ပြောဆိုသည်။ 

အဆိုပါဘွဲ့နှင်းသဘင် ကျင်းပနေစဉ်အတွင်း ပြင်ပဓာတ်ပုံသမားများကို တောင်ငူတက္ကသိုလ်ကျောင်းဝန်းအတွင်း ဓာတ်ပုံရိုက်ကူးခွင့်မပြုကြောင်း၊ ဘွဲ့ယူမောင်မယ်များနှင့် မိသားစုဝင်များအနေဖြင့် ဖုန်းဟန်းဆက် ကင်မရာဖြင့်သာ အမှတ်တရရိုက်ကူးခွင့်ပြုမည်ဖြစ်ပြီး Entry Level၊ Semi-Pro နှင့် Full Frame ကင်မရာများ အသုံးပြုခွင့်မပြုကြောင်း ယင်းတက္ကသိုလ်က စာထုတ်ပြန်တားမြစ်ထားသည်။ 

ယင်းကဲ့သို့ပြင်ပဓာတ်ပုံဆရာများ ရိုက်ကူးခွင့်မပြုရသည့်အချက်မှာ ဘွဲ့နှင်းသဘင်ကျင်းပသည့် ရက်များအတွင်း ဓာတ်ပုံရိုက်ကူးခွင့် တင်ဒါခေါ်ယူထားခြင်းကြောင့်ဖြစ်ပြီး လေလံအောင်မြင်သည့် အဖွဲ့ကသာ တာဝန်ယူပြီး ဘွဲ့ဓာတ်ပုံရိုက်ကူးပေးခြင်းဖြစ်ကြောင်း တောင်ငူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက ပြောကြားသည်။ 

“ဘာအခွန်ခမှလည်း ကောက်ထားခြင်းမရှိဘူး။ လေလံအောင်တဲ့အဖွဲ့ကို ရိုက်ခွင့်ပေးတာ ကျောင်းတိုင်းလိုပါပဲ။ တင်ဒါဘယ်လောက်နဲ့ ခွင့်ပြုပေးခဲ့တာလည်းဆိုတာ မမှတ်မိပါဘူး”ဟု ၎င်းက ပြောကြားသည်။ 

ဘွဲ့နှင်းသဘင်ကျင်းပသည့် ကွန်ဗိုကေးရှင်းအဆောက်အအုံအတွင်းသို့ ပြင်ပဓာတ်ပုံဆရာများ ဝင်ရောက်ရိုက်ကူးခွင့်မပြုသည်ကို နားလည်ပြီး ယမန်နှစ်များကဲ့သို့ ကျောင်းဝန်းအတွင်း အခွန်အခများ ပေးဆောင်ရိုက်ကူးခွင့်ပြုလျှင်ပင် အဆင်ပြေသော်လည်း ယခုကဲ့သို့အဖွဲ့တစ်ဖွဲ့ကိုသာ လက်ဝါးကြီးအုပ် ရိုက်ကူးခွင့်ပေးခြင်းသည် စနစ်ဟောင်းလက်ကျန်အတွေးအခေါ်များသာဖြစ်ကြောင်း တောင်ငူမြို့ခံ ဓာတ်ပုံဆရာ ဦးကျော်စွာလင်းက ဝေဖန်ပြောကြားသည်။ 

၁၆ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအထိ ပြင်ပဓာတ်ပုံဆရာများ ကျောင်းအတွင်း ဝင်ရောက်ရိုက်ကူးပါက လေလံရရှိသူထံ ကင်မရာခွန်ပေးဆောင်ရိုက်ကူးခွင့်ပြုခဲ့သည့်အတွက် ယခုနှစ်ဘွဲ့နှင်းသဘင်အတွက် ဓာတ်ပုံရိုက်ပေးရန် စရံများရယူထားပြီးဖြစ်ရာ ယခုကဲ့သို့ တားမြစ်ပိတ်ပင်ခံလိုက်ရသည့်အတွက် အခက်ခဲများကြုံတွေ့ခဲ့ရကြောင်း ဓာတ်ပုံဆရာ ကိုဇင်ကိုလတ်က ပြောကြားသည်။ 

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် မိမိတို့ဌာနအောက်မှ တက္ကသိုလ်ကောလိပ်များအားလုံးကို ဘွဲ့နှင်းသဘင်ကျင်းပရာတွင် ပညာရေးဌာနက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်းသာ လုပ်ဆောင်ရန်ညွန်ကြားထားပြီး ယင်းကိစ္စများ ညွှန်ကြားထားခြင်းမရှိကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဆိုသည်။ 

တောင်ငူတက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားဓာတ်ပုံရိုက်ကူးခွင့်ကို ရန်ကုန်ဒေသခံ အဖွဲ့တစ်ခုက ကျပ်သိန်းနှစ်ရာခန့်ဖြင့် တင်ဒါအောင်မြင်ထားကြောင်းကြားသိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိကြောင်း၊ ပွဲကျင်းပရာဘွဲ့နှင်းသဘင် အဆောက်အအုံရှေ့တွင် အနီရောင်ဗီနိုင်းဆိုင်းဘုတ်များဖြင့် စီးပွားရေး ဓာတ်ပုံကင်မရာများ ရိုက်ကူးခွင့်လုံးဝမပြုနိုင်ကြောင်း ဘွဲ့နှင်းသဘင်ဓာတ်ပုံရိုက်ကူးရေး ကြီးကြပ်မှုကော်မတီအမည်ဖြင့် ဆိုက်ထူထားကြောင်း ကျောင်းသားထံမှ သိရသည်။ 


ဓာတ်ပုံ - Thant Lwan Wai Chit
The Voice

0 comments:

Post a Comment