Thursday, January 31, 2019

ဖျာပုံတွင် ၉ တန်း နှင့် ၁၀ တန်း ကျောင်းသားများကို သင်ကြားပေးနေသည့် ဘော်ဒါဆောင်မီးလောင်မှုဖြစ်၊ စာအုပ်များ မီးလောင်ပျက်စီး


ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ် (၇) ရပ်ကွက် မေဒါဝီလမ်းရှိ စန္ဒာမင်းစိုး ဘောဒါဆောင်တွင် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၂ နာရီ ၄၅ မိနစ် အချိန်ခန့်က မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ ဖျာပုံမြို့နယ် အမှတ် (၇) ရပ်ကွက် မေဒါဝီလမ်း အိမ်အမှတ် (၇၂) နေ ဦးမောင်မောင်သန်း (၅၆) နှစ် (ဘ)ဦးကြီးမြင့်၊ အရောင်းအဝယ် လုပ်ကိုင်သူ ပိုင်ဆိုင်ပြီး ညီဖြစ်သူ ဦးလှခိုင် ဦးစီးလုပ်ကိုင်နေသည့် စန္ဒာမင်းစိုး (၉/၁၀) တန်း ဘော်ဒါဆောင်တွင် အိမ်အပေါ်ထပ်တွင် တပ်ဆင်ထားသော ပလပ်ခုံမှ တစ်ဆင့် အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

မီးလောင်ကျွမ်းမှုကြောင့် လျား (၂၃) ပေ၊ အနံ (၁၈) ပေ၊ အမြင့် (၂၀) ပေရှိ တိုက်ခံ၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုး (၂) ထပ် အဆောင် (၁) လုံး၊ အရှေ့ဘက်ရှိ အလျား (၁၈) ပေ၊ အနံ (၁၈) ပေ၊ အမြင့် (၁၅) ပေရှိ ပျဉ်ကာ၊ တမံတလင်းခင်း၊ သွပ်မိုး (၂) ထပ် အဆောင် (၁) လုံး၊ အနောက်ဘက်ရှိ အလျား (၁၅) ပေ၊ အနံ (၁၈) ပေ၊ အမြင့် (၁၂) ပေရှိ အုတ်ကာ၊ တမံတလင်းခင်း၊သွပ်မိုး (၂) ထပ်အဆောင် (၁) လုံးတို့ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဘော်ဒါဆောင်တွင် (၉) တန်း ကျောင်းသား ကျား (၅) ဦး၊ မ (၄) ဦး၊ ပေါင်း (၉) ဦး၊ (၁၀) တန်း ကျောင်းသားကျား (၁၀) ဦး၊ မ (၂၀) ဦး၊ ပေါင်း (၃၀) ဦးတို့ အဆောင် နေထိုင်၍ စာသင်ကြားလျှက်ရှိပြီး မီးလောင်မှုကြောင့် ကျောင်းသုံးစာအုပ်များ မီးလောင်ဆုံးရှုံးသွားပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာမရှိကြောင်း သိရသည်။ 

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ ဦးမောင်မောင်သန်းအား အရေးယူပေးရန် ဖျာပုံမြို့မ ရဲစခန်းမှ (ပ) ၁၂၈ /၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။ 

 ကျော်စိုးမိုး - ဖျာပုံ (အကုန်သိသတင်းဌာန)

0 comments:

Post a Comment