Thursday, January 31, 2019

လူမြင်ကွင်းမှာ ပွေ့ဖက်မှုဖြင့် အင်ဒို ဆယ်ကျော်သက် သမီးရည်းစားနှစ်ဦးကို ကြိမ်ဒဏ်အပြစ်ပေး


လူမြင်ကွင်းမှာ ပွေ့ ဖက်ခဲ့ကြမှုဖြင့် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ဇန်န၀ါရီ ၃၁ ရက်နေ့ က ဆယ်ကျော်သက်သမီးရည်စားနှစ်ဦးကို ကြိမ်ဒဏ်အပြစ်ပေးခဲ့တယ်လို့  သိရပါတယ်။ ရှေးရိုးစွဲ ပြည်နယ်ရဲ့အစ္စလာမ်မစ်ဥပဒေအရ ယင်း အပြုအမူဟာ ပြစ်မှုမြောက်ပါတယ်။ 
ဆူမာတြားကျွန်း အစွန်ပိုင်းမှာရှိတဲ့ ယင်းပြည်နယ်မှာ လောင်းကစားခြင်း၊ အရက်သောက်ခြင်း၊ လိင်တူဆက်ဆံခြင်းနဲ့  လက်မထပ်ခင် ကာမဆက်ဆံခြင်း အပါအ၀င် ပြစ်မှုကျူးလွန်မှုအလိုက် ကြာပွတ် သို့မဟုတ် တုတ်နဲ့  ရိုက်နှက်အပြစ်ပေးမှုတွေရှိပါတယ်။ 

အသက် ၁၈ နှစ် အရွယ်တွေဖြစ်ကြတဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦးနဲ့  သူ့ရဲ့ရည်းစား ဖြစ်သူတို့ ကို ပြည်နယ်မြို့တော် ဘန်ဒါအာချေးရှိ ဗလီတစ်ခုအပြင်မှာ ကြိမ်ဒဏ် ၁၇ ချက်စီ ရိုက်နှက်အပြစ်ပေးခဲ့ပြီး လူရာပေါင်းများစွာက လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ သူတို့ နှစ်ဦး အပြင် ဒေသတွင်း ကုန်ခြောက်စတိုးဆိုင်တစ်ခုမှာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့  မဖွယ်မရာလုပ်ခဲ့တဲ့ ၃၅ နှစ် အရွယ်အမျိုးသားတစ်ဦးကိုလည်း ကြိမ်ဒဏ်ရိုက်နှက် အပြစ်ပေးခဲ့ပါတယ်။ 

၎င်းတို့ လေးဦးစလုံးဟာ ကြိမ်ဒဏ်အပြစ်ပေးမခံရမီ အကျဉ်းထောင်မှာ လများစွာ နေခဲ့ရတာပါ။ အသက် ၄၀ အရွယ်အမျိုးသမီးကတော့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် ရိုက်နှက်အပြစ်စီရင်မှုကို ဆေးအဖွဲ့ က ရွှေ့ ဆိုင်းစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အသက်မပြည့်သေးတဲ့ မိန်းကလေးတွေနဲ့  ကာမဆက်ဆံ ခဲ့ကြတဲ့ အမျိုးသားနှစ်ဦးဟာ ကြိမ်ဒဏ် အချက် ၁၀၀ စီ ရိုက်နှက်ခံခဲ့ရတယ်လို့  သိရပါတယ်။ 

ကမ္ဘာ့ မွတ်ဆလင်ဦးရေး အများဆုံး အင်ဒိုနီးရှားနိုင်ငံမှာ အာချေးပြည်နယ်ဟာ အစ္စလာမ်မစ်ဥပဒေ ကျင့်သုံးတဲ့ တစ်ခုတည်းသော ပြည်နယ်ဖြစ်ပါတယ်။ အများမြင်ကွင်းမှာ ကြိမ်ဒဏ်ရိုက်နှက်အပြစ်ပေးတဲ့ လုပ်ရပ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ အလေ့အထ တစ်ခုဖြစ်ကြောင်း လူ့ အခွင့်အရေးအဖွဲ့ တွေက ဝေဖန်ခဲ့သလို အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုကလည်း ယင်း အလေ့အထကို အဆုံးသတ်ဖို့  တောင်းဆိုခဲ့ပါတယ်။ 

Ref : The Nation 
ကိုလင်း (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment