Wednesday, January 30, 2019

တရုတ်အထူးကိုယ်စားလှယ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ကူမင်းမှာ တွေ့ဆုံ


မြောက်ပိုင်းမဟာ မိတ်အဖွဲ့တွေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးနေကြောင်း ရက္ခိုင့်တပ်မတော် AA ပြောခွင့်ရ ခိုင်သုခက RFA ကို ပြောပါတယ်။ 
ဒီဆွေးနွေးပွဲမှာ ဘယ်အချက်တွေကို ဆွေးနွေးမယ်ဆိုတာတော့ ဆွေးနွေးပွဲပြီးမှသာ ပြောလို့ရမယ်လို့လည်း ခိုင်သုခက ပြောပါတယ်။ ဒီဆွေးနွေးပွဲမှာ FPNCC အဖွဲ့ဝင် ၇ ဖွဲ့က အဖွဲ့ဝင်အားလုံး တက်ရောက်ခြင်း ရှိ မရှိကိုတော့ မသိရသေးပါဘူး။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း မစ္စတာ ဆွန်းကော်ရှန်းဟာ KIO ဌာနချုပ် လိုင်ဇာကိုသွားရောက်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို သီးခြားစီသွားရောက်တွေ့ဆုံခဲ့ပါတယ်။ 

တရုတ်အထူးကိုယ်စားလှယ်နဲ့ အခုလို မတွေ့ဆုံခင်မှာ KIO အဖွဲ့က တအာင်းပလောင်TNLA ၊ ရက္ခိုင့်တပ်မတော် AA နဲ့ ကိုးကန့် MNDAA တို့ကို ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ ဇန်န၀ါရီလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့ပြီး KIO အဖွဲ့က အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ နှစ်ဖွဲ့ချင်း တွေ့ဆုံဆွေးနွေးခဲ့တာတွေကို ပြန်လည်ရှင်းပြခဲ့တယ်လို့လည်း သိရပါတယ်။ 

အစိုးရ ၊ တပ်မတော်တို့နဲ့ ငြိမ်းချမ်ရေးဆွေးနွေးရာမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အားလုံးနဲ့ အတူတကွ ဆွေးနွေးနိုင်ဖို့ KIO က တောင်းဆိုထားပါတယ်။
  
Screenshot: Kachin News Group 
(တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းနှင့်အဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ဇန်နဝါရီလ ၁၁ ရက်နေ့က ရောက်ရှိလာစဉ်)
RFA

0 comments:

Post a Comment