Wednesday, January 30, 2019

မိမိကို သတ်ဖို့  ထရန့် က အမိန့်ထုတ်ထားကြောင်း ဗင်နီဇွဲလား သမ္မတ မာဒူရိုစွပ်စွဲ


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဟာ မိမိကိုသတ်ဖို့ အတွက် အိမ်နီးချင်း ကိုလံဘီယာအစိုးရကို အမိန့် ပေးညွှန်ကြားထားကြောင်း ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ်မာဒူရိုက စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း ပေါ်ပေါက်နေတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်လို့  သူ့ ရဲ့ ပြည်တွင်းပြိုင်ဘက်တွေအပါအ၀င် အမေရိကန်ခေါင်းဆောင်နဲ့  ဆွေးနွေးပြောဆိုဖို့  လမ်းဖွင့်ထားကြောင့် ၄င်းက ပြောဆိုခဲ့ပါတယ်။ 
  
ရုရှားရဲ့  RIA သတင်းဌာနနဲ့  အင်တာဗျူးရာမှာ ရွေးကောက်ပွဲ စောလျင်စွာ ကျင်းပပေးရေးတောင်းဆိုချက်ကို ပယ်ချထားတဲ့ မာဒူရိုက ၄င်းရဲ့  အတိုက်အခံပြိုင်ဘက် ဂျူအန် ဂိုင်ဒိုကို ဖမ်းမိန့် ထုတ်မထားသေးကြောင်း ပြောဆိုခဲ့ပါတယ်။ ဗင်နီဇွဲလားအစိုးရအနေနဲ့  ရုရှားနဲ့ တရုတ်နိုင်ငံတို့ ရဲ့  ကျေးဇူးတရားတွေကို အသိအမှတ်ပြုပေးဆပ်သွားဖို့  ကတိပြု ကြောင်းလည်း ၄င်းက ဆိုခဲ့ပါတယ်။ နိုင်ငံရဲ့  လက်နက်ကိုင်တပ်ဖွဲ့ ဟာ သစ္စာစောင့်သိ နေမြဲဖြစ်သလို သမ္မတ ဗလာဒီမာပူတင်ကလည်း ၄င်းဘက်က ခိုင်ခိုင်မာမာရပ်တည်ပေး ထားကြောင်း သမ္မတရာထူး ၆ နှစ်တာ ကာလအတွင်း အကြီးဆုံးနိုင်ငံရေး စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတဲ့ အသက် ၅၆ နှစ်အရွယ် ဆိုရှယ်လစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။ 
သူ့ ကိုယ်သူ ဗင်နီဇွဲလားနိုင်ငံရဲ့ ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့တဲ့ အတိုက်အခံ ဂျူအန် ဂိုင်ဒိုရဲ့  လုပ်ရပ်အတွက် အစိုးရက စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေမှု၊ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ထပ်မံပြုလုပ်ဖို့ စီစဉ်နေမှုနဲ့ အတူ ဗင်နီဇွဲလား အာဏာထိန်းချုပ်ရေးအတွက် တိုက်ပွဲတွေအရှိန်မြင့်နေစဉ် မာဒူရိုက အခုလို ထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။ 
အတိုက်အခံခေါင်းဆောင် ဂိုင်ဒိုကို အပြည့်အ၀ ထောက်ခံသွားမယ်လို့  အမေရိကန်က ပြောဆိုထားခဲ့သလို လူသားချင်းစာနာမှုအရ လိုအပ်ရင် စစ်ရေးစွက်ဖက်နိုင်တဲ့ အချက်ကို ချွင်းချန်မထားကြောင်း ဆိုထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လိမ်လည်မှုတွေ လုပ်ခဲ့တယ်ဆိုကာ အတိုက်အခံခေါင်းဆောင် ဂိုင်ဒိုက ကြားဖြတ်သမ္မတအဖြစ် ကြေညာ ခဲ့တာကြောင့် သူ့ ရဲ့ လုပ်ပိုင်ခွင့်အာဏာအပေါ် မထင်မှတ်တဲ့ စိန်ခေါ်မှုနဲ့  မာဒူရို ရင်ဆိုင် နေခဲ့ရတာဖြစ်ပါတယ်။ ဂိုင်ဒိုဟာ နိုင်ငံတကာရဲ့  ကျယ်ကျယ်ပြန့် ပြန့် ထောက်ခံမှုကို ရရှိထားပါတယ်။ 

ကိုလင်း (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment