Wednesday, January 30, 2019

ဆရာ ဆရာမများ၏ အရည်အသွေးနှင့် အတွေ့အကြုံ မပြောင်းလဲသမျှ အလွတ်ကျက် စနစ်ဖြင့်သာ သွားနေဦးမည်ဟုဆို



သင်ရိုးညွှန်းတမ်းနှင့် မေးခွန်းပုံစံပြောင်းလဲပြီး သင်ကြားပို့ချသည့် ဆရာဆရာမများ၏ အရည်အသွေးနှင့် အတွေ့အကြုံ မပြောင်း လဲသမျှ အလွတ်ကျက်သည့်စနစ်ဖြင့်သာ သွားနေဦးမည်ဖြစ်ကြောင်း နာမည်ကျော် ကျူရှင်ဆရာ ဒေါက်တာစိုးဝင်းဦး(ဒေါက်တာ ဘိုင်အို)က အကုန်သိ သတင်းဌာနသို့ပြောသည်။ 
တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းပုံစံပြောင်းလဲခြင်းကိစ္စနှင့် ပတ်သက်၍ အကုန်သိသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
“ ကျွန်တော်တို့နိုင်ငံရဲ့ သိပ်သိတာတဲ့ အပြောင်းအလဲဖြစ်ဖို့ဆိုတာ အတွေ့အကြုံလိုအပ်ပါတယ်။ မေးခွန်းထုတ်နေတဲ့ သက်ဆိုင် ရာ ပါမောက္ခများဘက်မှာလည်း နိုင်ငံတကာအဆင့်မီတဲ့ အတွေ့အကြုံမရှိသေးဘူး။ သင်တဲ့ ဆရာဆရာမတွေ ပိုအားနည်းတယ်။ နိုင်ငံတကာအဆင့်မီအောင် ဘယ်လိုချဉ်းကပ်သင့်သလဲ။ ဘာအတွေ့အကြုံမှမရှိဘူး။ အလွတ်ကျက်စနစ်မှာ တောက်လျှောက် သွားတယ်။ သူတို့ကိုယ်တိုင် ဘွဲ့ရတာလည်း အလွတ်ကျက်ပြီး ရလာကြတာ။ ဒါကြောင့် အပြောင်းအလဲမှာ ဆရာ ဆရာမတွေ ဘက်က ပြောင်းလဲဖို့ခဲရင်းသလို မေးခွန်းထုတ်တဲ့ ဆရာကြီး ဆရာမကြီးတွေကလည်း ပြတ်ပြတ်သားသား အပြောင်းအလဲကို တာဝန်ယူပြီး တာဝန်ခံရဲတဲ့ အတွေ့အကြုံနဲ့ သတ္တိလိုအပ်ပါလိမ့်မယ်။သင်ရိုးညွှန်းတမ်းနဲ့ မေးခွန်းပုံစံပဲ ပြောင်းသွားမယ် ဆရာ ဆ ရာမ တွေရဲ့  အတွေ့အကြုံနဲ့ အရည်အသွေး မပြောင်းလဲဘူးဆိုရင် အပြောင်းအလဲက မဖြစ်ဘူး။ အလွတ်ကျက်တဲ့ စနစ်နဲ့ဘဲ သွား နေဦးမှာပါ” ဟု ဒေါက်တာ ဘိုင်အိုက ပြောသည်။ 
ယခုနှစ်တွင် ဖြေဆိုရမည့် မေးခွန်းပုံစံအသစ်နှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်လည်း အလွတ်ကျက်ပြီး ဖြေပါက ၉၀ ရာခိုင် နှုန်းရရှိနေဦးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ 
“ မြန်မာပြည်ပျက်နေတဲ့ ပညာရေးစနစ်ကို ပြန်ပြင်ဖို့ဆိုရင် အချိန်တွေအများကြီးပေးရမယ်။ လက်ရှိက စနစ်အပြောင်းအလဲက သိပ်မလုပ်နိုင်ဘူး။ အဆောက်အဦတွေကို ဖြည့်နေရတယ်။ ဆရာ ဆရာမ လိုအပ်ချက်တွေ ဖြည့်နေရတယ်။ ဆရာ ဆရာမ တစ် ဦးချင်းရဲ့ အရေအသွေးတွေ တက်လာလုပ်ပေးတဲ့ သင်တန်း ခေတ်မီလာအောင်လုပ်ပေးတဲ့ သင်တန်းတွေ နွေရာသီမှာ ဖုတ်ပူမီး တိုက်ပဲ လုပ်ပြီးပြန်သွား၊ ဒီလောက်ပါပဲ” ဟု ဒေါက်တာဘိုင်အို ကပြောသည်။ 
ပညာရေးဝန်ကြီးဌာနအနေဖြင့်၂၀၁၉ ခုနှစ်တွင် ဖြေဆိုရမည့် တက္ကသိုလ်ဝင်တန်းမေးခွန်းတွင် စဉ်းစားတွေးခေါ်မှုများပါဝင်မည့် မေးခွန်းပုံစံဖြင့် ပြောင်းလဲစစ်ဆေးသွားမည်ဖြစ်ပြီး KG+12 စနစ်သစ်ကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။ 


ချမ်းငြိမ်း(အကုန်သိ သတင်းဌာန) 

0 comments:

Post a Comment