Thursday, January 31, 2019

အရည်အသွေး ပြည့်မီကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင် ထောက်ခံထားသည့် တံတား ၊ တည်ဆောက်ပြီး ၈ လအကြာတွင် ပျက်စီးခြင်းမှာ သဘာဝဘေးကြောင့် ဖြစ်


ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ကိုယ်တိုင် အရည်အသွေးပြည့်မီကြောင်း ထောက်ခံထားသည့် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ဆော့လော်-လန်ဆယ် လမ်းပေါ်ရှိ (၁၄၀) ပေ (၂) ထပ် သံပေါင်ဘေလီတံတား (မော်ဝေ ကျေးရွာနှင့် ထန်ဒန်ကျေးရွာ ကြားရှိ ထန်ဒန်တံတား) ထန်ဒန်တံတားသည် တည်ဆောက်ပြီး ၈ လအကြာတွင် ပျက်စီးခြင်းမှာ သဘာဝဘေးကြောင့်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဇန်န၀ါရီ ၃၁ ရက်တွင် ပြောကြားခဲ့သည်။ 
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆော့လော်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးလာမာလေးက ဆော့လော်- လန်ဆယ် လမ်းပေါ်ရှိ (၁၄၀) ပေ (၂) ထပ် သံပေါင် ဘေလီတံတား (မော်ဝေ ကျေးရွာနှင့် ထန်ဒန်ကျေးရွာကြားရှိ ထန်ဒန်တံတား) အား တည်ဆောက် ပြီးစီးခဲ့သည့်အချိန်မှ (၈) လကျော်ခန့်၌ ပျက်စီးခဲ့သည့်အတွက် တံတား တည်ဆောက်ခဲ့ သည့် ကုမ္ပဏီနှင့် တံတားတည်ဆောက်ပြီးစီးမှု အခြေအနေ၊ တံတားအရည်သွေး စစ်ဆေးခဲ့သည့် အဖွဲ့များအား နိုင်ငံတော် အစိုးရအနေဖြင့် ပြင်းထန်စွာ အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့မှုကို ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီးက ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။
  
ထန်ဒန်တံတား တည်ဆောက်ပြီး သက်တမ်း ၈ လကျော်တွင် ပျက်စီးရခြင်းမှာ တံတားအရည်အသွေးနှင့် စံချိန်စံညွှန်း အားနည်းချက်ကြောင့်မဟုတ်ဘဲ မိုးတွင်းကာလ ချောင်းရေပြင်းထန်စွာ စီးဆင်းမှုနှင့် သည်းထန်စွာရွာသော မိုးကြောင့် တောင်ပြိုလမ်းပိတ်ကာ ချောင်းရေနှင့်အတူ မျောပါလာသော သစ်တုံးများနှင့် ထိခိုက်မိခြင်း အစရှိသည့် ရာသီဥတုကြောင့် ပျက်စီးရခြင်းဖြစ်သည်ဟု ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြောကြားခဲ့သည်။ အဆိုပါ တံတားအား ပြန်လည်ပြင်ဆင်ပေးပြီး ဖြစ်ကြောင်းကိုလည်း ၄င်းကဆက်လက်ပြောကြား ခဲ့သည်။ 

အဆိုပါ ထန်ဒန်တံတားသည့် တံတားတည်ဆောက်ပြီး ရှစ်လကျော် အကြာတွင် တံတားရေလယ်တိုင်မှာ နိမ့်ကျသွားခြင်းနှင့် တံတားတိုင် အောက်ခြေခုံများ ကွဲအက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေး၏ ပြောကြားချက်အရ သိရသည်။ 


Photos - ဦးလာမာလေး FB 
The Ladies News



0 comments:

Post a Comment