Thursday, January 31, 2019

ဦးကိုနီလုပ်ကြံခံရမှုမှ ၄ ဦးကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် အပြီးသတ်အမိန့်ချမည်


ရှေ့နေဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသော ၄ ဦးကို လာမည့်ဖေဖော်ဝါရီလ ၁၅ ရက် တွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။ 
ရန်ကုန်လေဆိပ်တွင် ရှေ့နေဦးကိုနီကို သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံသူ သေနတ်သမားကြည်လင်းအပါအဝင် လေးဦးကို ယနေ့ (ဖေဖော်ဝါရီလ ၁ ရက်) က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ (၁၀၃) ကြိမ်မြောက် ရုံးထုတ်ခဲ့ရာတွင် နှစ်ဖက်လျှောက်လဲချက် ကြားနာခဲ့ပြီး အမှုကို လာမည့်ဖေဖော်ဝါရီလ ၁၅ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေဦးကိုနီကို လုပ်ကြံမှုတွင် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့ပါဝင်ခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြေးဖြစ်သူကို ချီလျက်ရပ်နေသည့်ရှေ့နေဦးကိုနီအား ကြည်လင်းဆိုသူက အနီးကပ်သေနတ်ဖြင့် လုပ်ကြံခဲ့ခြင်းဖြစ်ပြီး ၄င်းကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ပေးခဲ့သော တက္ကသမားကိုနေဝင်းသည်လည်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ 

လက်ရှိတွင် ကြည်လင်းကို ရာဇသတ်ကြီးပုဒ်မ - ၃၀၂ (၁) (ခ)/ ၃၄ / ၃၀၂ (၂)/ ၁၉ (ဃ) (စ) ဖြင့်လည်းကောင်း၊ အောင်ဝင်းဇော်ကို ရာဇသတ်ကြီးပုဒ်မ - ၃၀၂ (၁) (ခ) / ၃၄ ဖြင့်လည်းကောင်း၊ ဇေယျာဖြိုးကို ရာဇသတ်ကြီးပုဒ်မ - ၃၀၂ (၁) (ခ) / ၁၀၉ ဖြင့်လည်းကောင်း၊ အောင်ဝင်းထွန်းကို ရာဇသတ်ကြီးပုဒ်မ -၂၁၂ တို့ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။ 

ထို့အပြင်ရှေ့နေဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသူအောင်ဝင်းထွန်းကို ခရိုင်တရားရုံးမှ သိန်း ၅၀၀ ဖြင့် အာမခံပေးထားပြီး လွတ်မြောက်နေသူအောင်ဝင်းခိုင်ကို တရားရုံးမှ ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။ 

နိုင်မင်းလွင် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment