Wednesday, January 30, 2019

ပုဂံဘုရားတစ်ဆူပေါ်မှ ပြင်သစ်နိုင်ငံသားတစ်ဦးပြုတ်ကျ

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားအမှတ် ၁၂၈၉ ပေါ်မှနေ၍ ပြင်သစ်နိုင်ငံသာတစ်ဦး ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ပြုတ်ကျခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။ 
အသက် ၃၃ နှစ်အရွယ်ရှိပြင်သစ်နိုင်ငံသား Mr.De Robien သည် မြင်းကပါရွာမှ ရှင်အရဟံသိမ် အရှေ့ဘက်ရှိ ဘုရားအမှတ် ၁၂၈၉ ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပြုတ်ကျခဲ့သောကြောင့် ညာဘက်ခြေထောက်ဒူးဆစ် (ဂုံညင်းရိုး) ကျိုးသွားခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။ 

“အသက်အန္တရာယ်တော့မရှိပါဘူး။ အခုတော့ ညောင်ဦးဆေးရုံမှာ ဆေးကုနေတယ်။ ပုဂံရှုခင်းတွေကို ဘုရားပေါ်တက် ဓာတ်ပုံရိုက်တာကနေ ပြန်အဆင်းမှာ ဒုတိယပစ္စယံပေါ်ကနေ ခြေချော်ပြီးလိမ့်ကျတာ”ဟု ၎င်းကရှင်းပြသည်။ 

ပုဂံရှေးဟောင်းနယ်မြေသို့ လာရောက်ကြသည့် ပြည်တွင်း ပြည်ပ ခရီးသွားများအနေနှင့် ရှေးဟောင်းဘုရားများပေါ်သို့ မတက်နိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သံပန်းများ ကာရံထားသည့်အပြင် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် အသိပေးဆိုင်းဘုတ်များ စိုက်ထူထားသည်။ 

ထိုသို့အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူထားသော်လည်း ပုဂံဘုရားများပေါ်မှ ပြုတ်ကျမှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားလျက်ရှိရာ ၂၀၁၈ ခုနှစ်အတွင်းကလည်း မြင်းကပါ ကျေးရွာအရှေ့ဘက် ရှင်အရဟံသိမ်ဘုရားစုရှိ ဘုရားအမှတ် ၁၂၉၁ ပေါ်ဂျာမနီနိုင်ငံသူတစ်ဦး လိမ့်ကျခဲသေးသည်။ ယင်းအပြင် သံပန်းများကားရံထားသည့် ရွှေဂူကြီးဘုရားပေါ်သို့တက်ရောက်ခဲ့သည့် တရုတ်နိုင်ငံသူတစ်ဦးကိုလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က တားမြစ်ခဲ့ရသည်။ 

ဘုရားအမှတ် ၃၅၂ ပေါ်သို့တက်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံသူတစ်ဦးမှာမူ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ဘုရားပေါ်မှာ ပြုတ်ကျသည့်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။

The Voice

0 comments:

Post a Comment