Wednesday, January 30, 2019

သုံးခွတွင် ညီအစ်မနှစ်ဦး အဆိပ်သောက်သေဆုံး

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့ နယ် (၉) ရပ်ကွက်ရှိ ဗန္ဓုလလမ်းသွယ် ၃ လမ်းတွင် အသက် ၂၃ နှစ်နှင့် ၁၉ နှစ်အရွယ်ရှိ ညီအစ်မနှစ်ဦး နေအိမ်ရှိ ကြွက်သတ်ဆေးသောက်၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 
သေဆုံးသူ ညီအစ်မနှစ်ဦးမှာ ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲပိုင်းက ထမင်းစားဝိုင်းတွင် ဖခင်ဖြစ်သူက ၎င်းတို့နှစ်ဦးကို ရိုက်နှက်ဆုံးမခဲ့သောကြောင့် နေအိမ်မှထွက်သွားခဲ့ကြောင်း၊ မိခင်ဖြစ်သူက လိုက်လံရှာဖွေခဲ့ရာ ယင်းနေ့ညနေပိုင်းတွင် ၎င်းတို့ နှစ်ဦးကို သုံးခွမြို့နယ်ရှိ ရှစ်မျက်နှာဘုရားဝင်းတွင် ပြန်လည်တွေ့ရှိခဲ့သောကြောင့် နေအိမ်သို့ ပြန်ခေါ်ဆောင်လာခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။ 

“အိမ်ပြန်ခေါ်လာတဲ့ သမီးနှစ်ယောက်က အော့အန်နေပေမယ့် မိခင်ဖြစ်သူက ထန်းရည်သောက်လာတယ်လို့ပဲ ထင်ခဲ့တာ။ နောက်တစ်နေ့ မနက်ကျတော့ သမီးနှစ်ယောက်စလုံး မခံမရပ်နိုင်အောင် လူးလှိမ့်နေတာကိုမြင်တော့ မိခင်ဖြစ်သူက မေးကြည့်တဲ့အခါမှစိတ်ညစ်ပြီး ကြွက်သတ်ဆေးကို ယူသောက်ခဲ့တာလို့ပြောပြတယ်။ အဲဒီအခါကျမှ ဆေးရုံပို့မလို့လုပ်နေချိန် အကြီးမလေး ဆုံးသွားရှာတယ်။ အငယ်မဖြစ်သူက ဒီမနက် ၇ နာရီမှာ ရန်ကုန်ဆေးရုံကြီးမှာ ဆုံးသွားရှာတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။ 

အဆိပ်သောက်သေဆုံးခဲ့သည့် ညီအစ်မနှစ်ဦး၏ ရုပ်အလောင်းတို့ကို သုံးခွမြို့နယ်ဆေးရုံနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လက်ခံစစ်ဆေးနေပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ်သိရှိရန် သုံးခွမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂/၁၉ ဖြင့် လက်ခံစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice

0 comments:

Post a Comment