Thursday, January 31, 2019

ယာဉ်မရပ်ရနေရာတွင် ရပ်နားထားသည့် ကုန်သေတ္တာတင်ယာဉ်များကို ဖယ်ရှားရန် ကြေညာချက်ထုတ်ပြန်မည်


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသည့် ယာဉ်မရပ်ရနေရာတွင် ကုန်သေတ္တာယာဉ်များ ရပ်နားထားသည့်အတွက် ဖယ်ရှားပေးရန် ကြေညာချက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။ 
ကမ်းနားလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းအစရှိသည့် စည်ပင်သာယာမှ ယာဉ်မရပ်ရနေရာအဖြစ် သတ်မှတ်ထားသည့် နေရာအချို့တွင် စည်းကမ်းမဲ့ရပ်နားထားသည့် ကုန်သေတ္တာတင်ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားသည့်အတွက် အာဏာပိုင်အဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စည်ပင်၊ ထွေအုပ်အစရှိသည့် အဖွဲ့အစည်းများမှ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“ ကုန်သေတ္တာတင်ယာဉ်တွေက မရပ်ရနေရာမှာ ရပ်ထားကြတယ်။ အဲဒီပြဿနာက သူတို့အတွက် ယာဉ်ရပ်နားဝင်း သီးသန့်မရှိ လို့ တွေ့တဲ့နေရာမှာ ရပ်ကြတာ။ အခုသူတို့ကို သွားကြည့်ပြီးသွားပြီ။ မကြာခင် ကြေညာချက်ထုတ်ပြန်သွားမယ်။ ဘယ်ရက်အတွင်း အပြီးရွှေ့ပေးပါဆိုပြီး ပြောသွားမယ်။ သူတို့အတွက် ယာဉ်ရပ်နားဝင်း လုပ်ပေးထားတယ်။ သူတို့က ဝေးတော့ မရပ်ကြဘူး” ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အာဏာပိုင်အဖွဲ့မှ ကုန်သေတ္တာတင်ယာဉ်များကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ကုန်တင်ယာဉ်များ တွင် GPS စနစ်တပ်ဆင်ခြင်း၊ အလုံးစုံ အာမခံထားရှိခြင်း၊ မှတ်ပုံတင်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန် ညွှန်ကြားထားပြီး မလိုက်နာပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ 
  
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့တွင် မှတ်ပုံတင်ထားသည့် ကုန်သေတ္တာတင် ယာဉ်အစီးရေ ၄၀၂၀ စီးရှိပြီး မြို့တွင်း၌ နေ့ပိုင်းကုန်သေတ္တာယာဉ်အစီးရေ ၁၅၀၀ ဝန်းကျင်ဖြတ်သန်း သွားလာလျက်ရှိကြောင်း သိရသည်။ 

စုသက်နှင်း (အကုန်သိသတင်းဌာန)

0 comments:

Post a Comment