Thursday, January 31, 2019

အကြွေးတောင်းရာမှ မိန်းမချင်း ခိုက်ရန်ဖြစ်၊ အမျိုးသမီးတစ်ဦး ဓားထိုးဒဏ်ရာဖြင့် သေဆုံး

လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာရှိ ပိတောက်လမ်းတွင် ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းက အမျိုးသမီးနှစ်ဦး အကြွေးတောင်းသည့်ကိစ္စဖြင့် ခိုက်ရန်ဖြစ် လုံးထွေးသတ်ပုတ်နေစဉ် အသက် ၄၆ နှစ် အမျိုးသမီးမှာ ဓားဖြင့်ထိုးခံရသည့် ဒဏ်ရာကြောင့် ယင်းနေ့ ညနေပိုင်းတွင် ဆေးရုံ၌ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
သေဆုံးသူ အမျိုးသမီးမှာ အလယ်ကျေးရွာရှိ ပိတောက် (၁) လမ်းတွင်နေထိုင်သူဖြစ်ပြီး အခင်းဖြစ်နေ့ နံနက် ၁၀ နာရီခွဲက ပိတောက် (၂) လမ်းတွင် နေထိုင်သူ အသက် ၄၈ နှစ် ဒေါ်စန်းနွဲ့နှင့် ပိတောက်လမ်းပေါ်တွင် အကြွေးတောင်းသည့်ကိစ္စဖြင့် စကားများ ရန်ဖြစ်ရာမှ နှစ်ဦးလုံးထွေးသတ်ပုတ်ခဲ့ကြသည်။ 

ယင်းသို့ လုံးထွေးသတ်ပုတ်နေချိန် ဒေါ်စန်းနွဲ့၏သားဖြစ်သူ အသက် ၂၇ နှစ် ဖြိုးဝေကျော် (ခ) ကိုဖြိုး ရောက်ရှိလာပြီး သေဆုံးသူ၏ ဘယ်လက်ပြင်အောက်ကို ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် ဒဏ်ရာရရှိသည့် အမျိုးသမီးကို လှိုင်သာယာဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ယင်းနေ့ ညနေပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း ရဲအရာရှိကပြောသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေါ်စန်းနွဲ့ကိုဖမ်းဆီး၍ ၎င်းနှင့်ထွက်ပြေးတိမ်းရှောင်နေသော ဖြိုးဝေကျော် (ခ) ကိုဖြိုးကို လှိုင်သာယာမြို့မ ရဲစခန်းက(ပ) ၄၇၃/၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment