Thursday, January 31, 2019

မော်လမြိုင်တွင် မှန်လုံယာဉ်နှင့် လိုက်ထရက်ကားတိုက်မိ၍ ၃ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ


မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရခိုင်ကုန်းအနီးမှာ ဇန်န၀ါရီ ၃၁ ရက်နေ့က ခရီးသည်တင်မှန်လုံယာဉ်တစီးနဲ့ လိုက်ထရက်ယာဉ်တစီး တိုက်မိလို့ နေရာမှာပဲ ၃ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မော်လမြိုင်မြို့မ ရဲစခန်းက ပြောပါတယ်။ 
မော်လမြိုင်- မုဒုံလမ်းမကြီး ရခိုင်ကုန်းရပ်ကွက်အနီးမှာ ဒီမနက် ၁၂နာရီကျော်လောက်က ထားဝယ်ကနေ မော်လမြိုင်ကို ထွက်လာတဲ့ မိုးကောင်ကင် ခရီးသည်တင်မှန်လုံယာဉ်နဲ့ မုဒုံ- မော်လမြိုင် ပြေးဆွဲနေတဲ့ လိုက်ထရက်ကားတို့ တိုက်မိပြီး လိုက်ထရက်ကားပေါ် ပါလာသူ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့လို့ မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ 

ဒီယာဉ်တိုက်မှုကို ကူညီကယ်ဆယ်ခဲ့တဲ့ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘိုဘိုဝင်းက “မိုးကောင်းကင်ကားက တဘက်ယာဉ်ကြောကို ကျော်တက်ရင်းနဲ့ လိုက်ထရက် ကားကို ညာဘက်ချင်းတိုက်မိသွားတာ။ လိုက်ထရက်ပေါ်က လူကြီး ၃ ယောက်တော့ ဆုံးသွား တယ်။ ဒဏ်ရာရလူနာတွေကတော့ ဒဏ်ရာမပြင်းထန်တဲ့အတွက် စိုးရိမ်ရတဲ့အနေအထားမျိုး မရှိဘူး” လို့ ပြောပါတယ်။ 

သေဆုံးသူတွေဟာ အသက် ၄၀ ၀န်းကျင်အရွယ် မုဒုံမြို့နယ် ယထက တွဲဖက်အတွင်းရေးမှူး ဦးညွန့်ဝင်းနဲ့ မုဒုံမြို့ဒေသခံ ဦးမျိုးဝင်းအောင်နဲ့ ဦးတင်ကိုတို့ဖြစ်ပြီး မှန်လုံယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ မော်လမြိုင်မြို့မ ရဲစခန်းက ပြောပါတယ်။ 

မော်လမြိုင်မြို့မ ရဲစခန်းမှူး ဒုရဲမှူးသန့်ဇင်က “ မှန်လုံကားက အရှေ့က ဆိုင်ကယ်ကို ကျော်တက်ရင်းနဲ့ တဖက်ကလာတဲ့ ကားကိုလာတိုက်တာ။ မှန်လုံကားပေါ်က ခရီးသည်တွေ တယောက်မှ ဒဏ်ရာမရပေမယ့် ယာဉ်မောင်းတော့ ပွန်းပဲ့ဒဏ်ရာရတယ်။ အခုအမှုဖွင့်ထားတာက မှန်လုံယာဉ်မောင်းကိုပဲ အမှုဖွင့်ထားတယ်။ မှားတဲ့ဘက်ကိုပဲ အမှုဖွင့်အရေးယူတယ်။ယာဉ်ကြီးကြီး သေးသေးပါ။” လို့ ပြောပါတယ်။ 

ဒီယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး မိုးကောင်းကင်ယာဉ်မောင်း ကျော်စွာလင်းကို ယာဉ်မဆင်မခြင်မောင်းနှင်မှု ပုဒ်မ ၃၃၈/၃၀၄ (က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ 

သတင်း -အာကာမင်း၊ ဓာတ်ပုံ – လူမှုကယ်ဆယ်ရေးအဖွဲ့များ
DVB


0 comments:

Post a Comment