Monday, January 28, 2019

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်နှင့် ခန္တီးမြို့သို့ ဆက်သွယ်ထားသည့် ဗျူဟာလမ်းပေါ်ရှိ နန့်စလိန်ကြိုးတံတားအစား နှစ်လမ်းသွားကွန်ကရစ်တံတားတစ်စင်း တည်ဆောက်မည်ဟု သိရ


စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်နှင့် ခန္တီးမြို့သို့ ဆက်သွယ်ထားသည့် ဗျူဟာလမ်းပေါ်ရှိ နန့်စလိန်ကြိုးတံတားအစား နှစ်လမ်းသွား ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်မည်ဖြစ်ကြောင်း လဟယ်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကယ်၏ ပြောကြားချက်အရ သိရသည်။ 
အဆိုပါ နန့်စလိန်ကြိုးတံတားသည် ခန္တီးဆင်သေလဟယ်လမ်း မိုင်တိုင်အမှတ် ၂၄/၄ရှိတွင် ယင်းတံတားတည်ရှိကြောင်း နန့်စလိန်ကြိုးတံတားသည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းပေါ်တွင် တည်ရှိကြောင်း သိရသည်။ 

“အကြိုအင်ဂျင်နီယာ လုပ်ငန်းတွေစ လုပ်နေပြီ။ တံတားကနဂိုကတည်းက ကြိုးတံတားဆိုတော့ ရေရှည်ခိုင်ခံ့ဖို့ရာအတွက် မဖြစ်နိုင်ဘူး။ နောက်ပြီးတော့ အဲဒီကြိုးတံတားပေါ်ကနေ ၁၃တန်အထက်သွားလာလို့လည်း မရဘူး။ အဲဒီကြိုးတံတားက ကျွန်တော်တို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ခန္တီးမြို့နဲ့ ဆက်သွယ်ထားတဲ့ တံတားပါ။ ဗျူဟာလမ်းမပေါ်မှာ အဲဒီကြိုးတံတားကရှိတာ။ နန့်စလိန်ကြိုးတံတားကို လဟယ်မြို့နယ်ရယ် နန်းယွန်းမြို့နယ်က အသုံးပြုနေရတဲ့ကြိုးတံတားပါ။ တံတားအသစ် တည်ဆောက်ပြီးတဲ့အခါကျရင်တော့ ကားအကြီးတွေကအစ သွားလို့ရတာပေါ့” ဟု လဟယ်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကယ်က ပြောကြားသည်။ 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်နှင့် ခန္တီးမြို့သို့ ဆက်သွယ်ထားသည့် ဗျူဟာလမ်းပေါ်ရှိနန့်စလိန်ကြိုးတံတားကို ၂၀၀၉ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တံတားဖွင့်လှစ်ခဲ့ကြောင်း ယင်းနန့်စလိန်ကြိုး တံတား၏ သက်တမ်းသည် ကိုးနှစ်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။ 

နန့်စလိန်ကြိုးတံတားသည် အရှည် ပေ၂၅၀ သံမဏိကြိုးတံတားအမျိုးအစားတံ တားဖြစ်ပြီး ၎င်းကြိုးတံတားပေါ်ကနေ တစ်နေ့လျှင် ယာဉ်အစီးရေ ၅ဝခန့်ဖြတ်သန်းသွားလာနေကြောင်း တံတား၏ ခံနိုင်ဝန်သည် ၁၃ တန်အထိရှိကြောင်း သိရသည်။ 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်ရှိ နန့်စလိန်ကြိုးတံတားအစား အရှည်ပေ ၃၅ဝရှိ နှစ်လမ်းသွား ကွန်ကရစ် တံတားတည်ဆောက်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၂၀၀ အကုန်အကျခံကာ နှစ်လမ်းသွား ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment