Wednesday, January 30, 2019

လိုင်စင်မရှိဘဲ ထိုင်းသို့ မြန်မာလုပ်သား ၂၀၀ ကျော်ပို့သူကိုဖမ်းမိ


ပြည်ပလုပ်သား ပို့ဆောင်ခွင့် လိုင်စင်မရှိဘဲ ထိုင်းနိုင်ငံသို့ မြန်မာလုပ်သမား ၂၀၀ ကျော် ပို့ဆောင်ခဲ့သူကို ဇန်နဝါရီလ ၂၉ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ 
“မနေ့ညက ဖမ်းမိတယ်။ သူတို့ရုံးလိပ်စာအတိုင်း ရုံးခန်းကို ဝင်ဖမ်းတာ။ လူစုဆောင်းထားတာလဲ တွေ့တယ်။ အခုက စစ်နေတုန်း”ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းရှင်များအသင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းစည်သူက ပြောကြားသည်။ 

ချင်းမိုင်ကုမ္ပဏီအမည်ဖြင့် ရုံးခန်းဖွင့်ထားပြီး အလုပ်သမားတစ်ဦးလျှင် ကျပ် ၁၀ သိန်းဝန်းကျင်ဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကုမ္ပဏီကို အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူများက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ 

အဆိုပါကုမ္ပဏီကို မြောက်ဥက္ကလာမြို့နယ်တွင်ဖွင့်ထားပြီး ချင်းမိုင်ကုမ္ပဏီ ပြည်ပ အလုပ်အကိုင် အေဂျင်စီဟု ဆိုင်းဘုတ်တပ်ထားကြောင်း၊ လက်ရှိတွင် ကုမ္ပဏီဒါရိုက်တာ ဦးသန်းဝင်းနှင့် ၎င်း၏သား ကိုထိန်းလင်းအောင်တို့ကို အမှုဖွင့်ထားကြောင်း ဦးစိုင်းစည်သူက ဆက်လက်ပြောဆိုသည်။ 

“MOEAF က တာဝန်ရှိသူတွေစစ်ပေးမှပဲ အဲဒီချင်းမိုင်ကုမ္ပဏီဟာ လိုင်စင်မရှိတဲ့ ကုမ္ပဏီဆိုတာ သိရပါတယ်။ MOEAF က တာဝန်ရှိသူတွေကပဲ ရဲစခန်းမှာ အမှုဖွင့်နိုင်အောင် စီစဉ်ပေးခဲ့တယ်”ဟု ထိုင်းနိုင်ငံတွင်အလုပ်ရမည်ဟု အလိမ်ခံခဲ့ရသူ ကိုဖြိုးဝေအောင်က ပြောကြားသည်။ 

အဆိုပါကုမ္ပဏီသည် လုပ်သားစုဆောင်းကာ ငွေကြေးလိမ်လည်ကောက်ယူခဲ့ပြီး မြဝတီနှင့် ထားဝယ်မြို့ရှိ ထီးခီးလမ်းမှတစ်ဆင့် Border Pass ဖြင့် ထိုင်းနိုင်ငံ ကချနပူရီခရိုင်သို့ ဝင်ရောက်စေကာ ဘန်ကောက်သို့ နယ်ကျော် ပို့ဆောင်ပေးခဲ့ခြင်းကြောင်း လုပ်သားများထံမှသိရသည်။


The Voice

0 comments:

Post a Comment