Thursday, January 31, 2019

ချင်းမိုင်တွင် လေထုညစ်ညမ်းမှု စံချိန်ကျော်လွန်


ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ လေထုညစ်ညမ်းမှု ဆိုးရွားလို့ စာသင်ကျောင်းတွေ ပိတ်ထားရသလို ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်မှာလည်း လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေပါတယ်။ 
Workpoint TV သတင်းရဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ ထုတ်လွှင့်ချက်အရ ချင်းမိုင်မှာ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေပြီး ဆိုးရွားမှုစံချိန်ကို ၁ ကုဗမီတာ ၅၀ မိုက်ခရိုဂရမ်ထိ သတ်မှတ်ထားရာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ တိုင်းထွာချက်မှာတော့ P.M 2.5 နဲ့ ၁၅၁ – ၁၅၂ ကုဗမိုက်ခရိုဂရမ်ထိ သိပ်သည်းထူထဲနေတယ်လို့ ဒေသတွင်း သတင်းထောက်က ပြောပါတယ်။ 

ဇန်နဝါရီ ၂၉ ရက် မွန်းတည့် ၁၂ နာရီအချိန် ချင်းမိုင်မြို့တော်ခန်းမနဲ့ ခရိုင်ဝန်ရုံးကနေ တိုင်းထွာချက်မှာ လေထုသိပ်သည်းမှု ၁ ကုဗမီတာကို ၁၅၁ မိုက်ခရိုဂရမ်ရှိပြီး ချင်းမိုင်မြို့လယ် ယုဖလတ် အထက်တန်းကျောင်းကနေ တိုင်းထွာချက်မှာတော့ ၁၅၂ မိုက်ခရိုဂရမ်ရှိတယ်လို့ ဆိုပါတယ်။ 

ဘန်ကောက်လို စာသင်ကျောင်းတွေ ပိတ်ထားတာမရှိပေမယ့် မြို့သူမြို့သားတွေ၊ အထူးသဖြင့် မော်တော်ဆိုင်ကယ် စီးသူတွေဟာ မျက်နှာဖုံးတွေစွပ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေကြရပါတယ်။ 

အခုလို လေထုညစ်ညမ်းမှု ဖြစ်လာရတာဟာ လွန်ခဲ့တဲ့တပတ်လောက်ကစ ချင်းမိုင်မြို့ပြင်ဘက်မှာ တောင်ယာမီးရှို့မှုတွေ ရှိခဲ့ပြီး လမ်းတိုးချဲ့ဖောက်လုပ်ရေး လုပ်ငန်းက ကတ္တရာစေး သွန်းလောင်းမှုတွေကြောင့်လည်း ပါကြောင်း၊ ဒါ့အပြင် နေ့စဉ်နဲ့အမျှ တိုးပွားလာတဲ့ မော်တော်ကား အိတ်ဇောပိုက်က အခိုးအငွေ့တွေကြောင့်လည်း ပါတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

ချင်းမိုင် လေထုညစ်ညမ်းမှု လျော့နည်းသွားစေဖို့အတွက် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဧပြီ ၃၀ ရက်နေ့ထိ ဘယ်သူမှ လေဟာပြင်မှာ မီးရှို့တာတွေမလုပ်ဖို့ တားမြစ်ထားကြောင်း၊ မီးရှို့မှု သတင်းပေးနိုင်သူကို ဆုငွေ ဘတ် ၅၀၀၀ ချီးမြှင့်မယ်လို့လည်း သက်ဆိုင်ရာက ကြေညာထားတယ်လို့ Workpoint သတင်းမှာ ဖော်ပြသွားပါတယ်။

DVB

0 comments:

Post a Comment