Tuesday, January 1, 2019

မြောင်းမြကြိုးတံတားပျက်ကျမှုမှ အန္တရာယ်အချက်ပေးခေါင်းလောင်းထိုးသံ


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ရှိ မြောင်းမြကြိုးတံတားဟာ တပ်မတော် အစိုးရလက်ထက်တွင်ပထမဆုံး စတင်တည်ဆောက်ခဲ့တဲ့ ကြိုးတံတားတစ်စင်းဖြစ်ပြီး တရုတ်နိုင်ငံမှ ပညာရှင်များရဲ့ အကူအညီ နှင့် ၁၉၉၄ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါသည်။ 
တံတားတည်ဆောက်ပြီး ၂၂ နှစ်အကြာ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်မှာ တံတားပေါ်မှာ ဖြတ်သန်းနေသည့် မော်တော်ယာဉ်တစ်စင်းနဲ့အတူ မြောင်းမြကြိုးတံတားဟာ ပျက်ကျပျက်စီးခဲ့ပြီး လူနှစ်ဦးပါ အသက်ဆုံးပါးခဲ့ရပါသည်။ ဒီလိုသဘာဝ ဘေးလူလုပ်ဘေးကြောင့် မဟုတ်ဘဲ တံတားကြီးတစ်စင်း ပျက်ကျမှုဟာ ကမ္ဘာပေါ်တွင် ဖြစ်တောင့်ဖြစ်ခဲတဲ့ ကိစ္စတစ်ခုဖြစ်တာကြောင့် ၂၀၁၈ခုနှစ်ရဲ့ ထင်ရှားကျော်ကြားတဲ့ အဖြစ်အပျက်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။ 

မြောင်းမြကြိုးတံတားကို ၁၉၉၄ ခုနှစ် မေလ ၁ ရက်မှာ စတင်တည်ဆောက်ခဲ့ ပြီး ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါသည်။ တံတားဟာ အောက်ခြေသံကူကွန်ကရစ် ဘေလီကြိုးတံတား အမျိုးအစားဖြစ်ပြီး တံတားအရှည် ၁၄၅၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်း အကျယ်တစ်ဖက်လျှင် ငါးပေရှိခဲ့ပါသည်။ ခွင့်ပြုယာဉ်အလေးချိန်မှာ တန် ၂၀ သတ်မှတ်ထားခဲ့ပြီး တည်ဆောက်မှု ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇၆ သန်းကုန် ကျခဲ့ပါသည်။ မြောင်းမြကြိုးတံတားဟာ သက်တမ်းကြာရှည်လာသည်နှင့်အမျှ ခိုင်ခံ့မှု အားနည်းလာမှုကြောင့် ၂၀၁၇ ခုနှစ် ဇူလိုင် လကတည်းက စတင်ကာ ကြိုးတံတားအဟောင်းနဲ့အနီးမှာ တံတားအသစ်တစ်စင်းကိုလည်း စတည်ဆောက်နေချိန်မှာ ကြိုးတံတားအဟောင်းဟာ ပြတ်ကျခဲ့ခြင်း ဖြစ်ပါသည်။ တံတားမပြတ်ကျမီရက်ပိုင်းအလို ၂၀၁၈ ခုနှစ် မတ် ၁၁ရက်တွင် တံတားမှ Expansion Joint နေရာတွင် ပျက်စီးမှုများရှိလာသောကြောင့် ခရီးသွားလာနေသည့် ပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် Decking Beam များအား အသစ်အစားထိုး၍ Expansion Joint အား Angle အသစ်များဖြင့် အစားထိုး Welding ဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးဖို့ တံတားကိုယာယီပိတ်ပြီး ပြင်ဆင်ခဲ့ပါသေးသည်။ ပြင်ဆင်ပြီးချိန်မှာ တံတားပေါ်တွင် သတိပေးရေးသားထားသည့်အတိုင်း ယာဉ်+ကုန် တန်ချိန် ၂၀ ထိရှိ မော်တော်ယာဉ်များကို ဖြတ်သန်းသွားလာခွင့်ပေးခဲ့ပြီးနောက် ယာဉ်+ကုန်တန်ချိန် ပေါင်း ၁၆ တန်သာရှိသည့် မော်တော်ယာဉ် ဖြတ်သန်းစဉ်မှာ တံတားဟာ ကျိုးကျခဲ့ပြီး မော်တော်ယာဉ်ပေါ်တွင် လိုက်ပါသည့် ယာဉ်မောင်းကိုမဲကြီး (ခ) သန်းဇော်ထိုက်နဲ့ ညီတော်စပ်သူတို့နှစ်ဦးဟာ တံတားကျိုးကျခဲ့ခြင်းနှင့်အတူ အသက်ဆုံးပါးခဲ့ပါသည်။ 

မြောင်းမြကြိုးတံတားပျက်ကျပြီးနောက် တံတားအသစ်တည်ဆောက်မှုကို အရှိန်ဟုန်မြင့် လုပ်ဆောင်ခဲ့သော်လည်း ယာယီခရီးသွားလာမှု မပြတ်တောက်ရေးအတွက် ဇက်ရေယာဉ်များကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားမှုဖြင့် အခမဲ့ပြေးဆွဲပေးခဲ့ပါသည်။ တံတားကျိုးပျက်ပြီး ကိုးရက်အကြာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြောင်းမြမြို့မှာ ကျင်းပသည့် ၂၁ ရာစုပင်လုံမှ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသို့ ငြိမ်းချမ်းရေးစကားဝိုင်းသို့ တက်ရောက်ခဲ့ရာကနေ တံတားကျိုးပျက်ရာ နေရာကို ကြည့်ရှုလေ့လာခဲ့ပြီး တံတားကျိုးပျက်ရာမှာ ပါဝင်သွားခဲ့သူနှစ်ဦး၏ မိသားစု ဝင်များကို တွေ့ဆုံအားပေးခဲ့ကာ တံတားကျိုးပျက်မှုမှာ အစိုးရကသာ တာဝန်ရှိကြောင်း ဝန်ခံပြောကြားခဲ့ပါသည်။ 

တံတားကျိုးပျက်မှု၏ နောက်ကွယ်က နောက်ဆက်တွဲ အကျိုးဆက်များအနေနှင့် မြောင်းမြကြိုးတံတားကို မှီခိုနေရတဲ့ မြောင်းမြမြို့နဲ့ လပွတ္တာမြို့များမှာ ကုန်စည်ကူးသန်းရောင်းဝယ်ရေးများ ခက်ခဲခြင်း၊ ခရီးသွားပြည်သူများရဲ့ အဆင့်ဆင့်သော အချိန်လစ်ဟင်းမှုများကို ကြုံတွေ့ရခြင်းများကို ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရပါသည်။ ဇက်ရေယာဉ်များ အခမဲ့ပြေးဆွဲပေးနေသော်လည်း ဇက်ဆိပ်များသို့ သွားရာလမ်းများ ပျက်စီးနေခြင်း၊ ဇက်ဆိပ်မော်တော်ယာဉ်အတက်အဆင်းမှာ ဒီရေအတက်အကျအလိုက် မော်တော်ယာဉ်များပျက်စီးခြင်း၊ ဇက်ရေယာဉ်များ၏ ကြံ့ခိုင်မှုအားနည်းကာ ပျက်စီးမှုများကြုံတွေ့လာရခြင်းကို လက်ရှိအချိန်ထိ ခံစားနေရပါသည်။ 

မြောင်းမြကြိုးတံတားပြိုပျက်ကျ ပျက်စီးပြီးနောက် နိုင်ငံတော်အစိုးရကနေ မြန်မာတစ်နိုင်ငံလုံးရှိ ကျန်ရှိသော ကြိုးတံတား ၂၉ စင်းရဲ့ ကြံ့ခိုင်မှုများကို နိုင်ငံတကာ ပညာရှင်များ အကူအညီနဲ့ စစ်ဆေးခဲ့ရာမှာ စိုးရိမ်ထိတ်လန့်ဖွယ် ရလဒ်များကို ရရှိခဲ့ပြီး ကျန်ရှိသည့် ကြိုးတံတားများကို ပြင်ဆင်ရေးကိုပါ ဆောင်ရွက်ခဲ့ရပါသည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာရှိသည့် လပွတ္တာပင်လယ် လေးကြိုးတံတား၊ ၀ါးခယ်မကြိုးတံတား၊ ပမ္မဝတီ မြင်းကဆိပ်ကြိုးတံတား၊ ရွှေလောင်းကြိုးတံတား၊ ပုသိမ်ကြိုးတံတားနဲ့ ကျွန်းကုန်းကြိုးတံတားများကို စစ်ဆေးရာမှာ ရွှေလောင်းကြိုးတံတားဟာ ကြံ့ခိုင်မှုအားအနည်းဆုံးဖြစ်သော အဆင့် (၅) နေရာကို ရောက်ရှိပြီးတော့ ၀ါးခယ်မကြိုးတံတား ၊ ကျွန်းကုန်းကြိုးတံတား နှင့် လပွတ္တာ (ပင်လယ်လေး) ကြိုးတံတားများမှာ ကြံ့ခိုင်မှု စိုးရိမ်ရသည့် တံတားဖြစ်နေသည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်းမှာ ပြင်ဆင်ဖို့ ဆောင်ရွက်ခဲ့ရပါသည်။ ပုသိမ်ကြိုးတံတားရဲ့ ကြံ့ခိုင်မှုအားနည်းလာမှုကြောင့်လည်း ပုသိမ်တံတားအသစ်စီမံကိန်း ကို အလျင်အမြန်စတင်နေခဲ့ရပါသည်။ 

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ လပွတ္တာ(ပင်လယ်လေး)ကြိုးတံတား၊ ၀ါးခယ်မကြိုးတံတားကို စတင်ပြင်ဆင်နေပြီး တံတားများကို ပြင်ဆင်နေစဉ်အတွင်းမှာ ခရီးသွားလာမှု မပျက်စေရေးအတွက် ဇက်ရေယာဉ်များနှင့် ပို့ဆောင်ပေးဖို့ကိုလည်း အစိုးရအဖွဲ့အနေနဲ့ စီစဉ်ထားပေးတယ်ဆိုပေမဲ့ ဇက်ရေယာဉ်များ ကူးသန်းခဟာ ဈေးနှုန်းများလွန်းကြောင်း ပြည်သူများအနေနှင့်လည်း ဝေဖန်မှုများ ရှိခဲ့ပါသည်။ မြောင်းမြကြိုးတံတား ပြတ်ကျမှုဟာ ကမ္ဘာမှာဖြစ်တောင့်ခဲ ကိစ္စရပ်တစ်ခု ဖြစ်ခဲ့သောကြောင့် ၂၀၁၈ ခုနှစ်၏ ထင်ရှားကျော်ကြားဖြစ်ရပ်များအဖြစ် ဖော်ပြအပ်ပါသည်။ 




Eleven Media Group

0 comments:

Post a Comment