Wednesday, January 17, 2018

မြောက်ဦး ပဋိပက္ခ အရပ်သား ၇ ဦးသေ၊ ဒဏ်ရာရသူ ၁၂ ဦးတွင် ရှစ်ဦး စိုးရိမ်ရ



ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ဇန်နဝါရီလ ၁၆ ရက်နေ့ ညပိုင်းက လူစုလူဝေး ဖြစ်ပေါ်သည်ကို ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ် လူစုခွဲရာမှ ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာသူများအနက် ရှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း လူနာရှင်များထံမှ သိရသည်။
“သားကိုယ်ထဲဝင်သွားတဲ့ ကျည်ဟာ ရင်ဘတ်ထဲမှာ ရောက်နေတယ်၊ ပြီးတော့ ဘယ်ဘက်လက်မောင်းမှာ သုံးပေါက်၊ ကျွန်မသားက အခြေအနေဆိုးတယ်၊ အခြားလူနာတွေက ဆေးတွေထိုးလိုက်ရင် အိပ်ပျော်သွားကြသေးတယ်၊ အခုကျွန်မသားက ဆိုးတယ်၊ မအိပ်နိုင်ဘူး မောနေတယ်”ဟု စစ်တွေဆေးရုံတွင် ကျည်ဆန်ထိမှန်သဖြင့် ဆေးကုသနေသော အသက် ၁၉ နှစ်အရွယ် ကိုသန်းဇော်၏ မိခင်ဒေါ်နီနီက ပြောသည်။

အဆိုပါမြို့ နန်းရာကုန်းပေါ်တွင် ကျင်းပမည့် ၂၃၃ နှစ်မြောက် ရခိုင်နိုင်ငံတော်ကျဆုံးခြင်း အောက်မေ့ဖွယ်ရာ အထိမ်းအမှတ်အဖြစ် ဒေါက်တာအေးမောင်ပါဝင်မည့် စာပေဟောပြောပွဲနှင့် ရိုးရာဓလေ့ ပြဇာတ်ကျင်းပမည်ကို သက်ဆိုင်ရာက တားမြစ်ရာမှ လူစုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း၊ သေနတ်ဖြင့်ပစ်ခတ်ကာ လူစုခွဲမှုကြောင့် ပြည်သူ့အချို့သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်မိုးက ပြောသည်။

အဆိုပါပွဲတွင် နိုင်ငံတော်ကို ဆန့်ကျင်မည့် စကားလုံးများ ပါဝင်လာမည်ကို စိုးရိမ်သောကြောင့် တားမြစ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပွဲကိုဖျက်ကြောင်း ကြေညာလိုက်တော့ ပွဲကတေးဂီတဝိုင်းတွေ သိမ်းပြီးတော့ လူအုပ်စုက အောက်ကိုဆင်းလာတယ်၊ ပြီးတော့ ခရိုင်အုပ်ချုပ်ရေးရုံးကို ဝိုင်းဖျက်ဆီးတယ်၊ ရဲတပ်ဖွဲ့က ဟန့်တားတယ်၊ အဲဒီမှာ သေနတ်တွေလုတာ၊ နိုင်ငံတော်အလံကို ဖြုတ်ချတာတွေရယ်၊ အုပ်ချုပ်ရေးမှူးရုံးနဲ့ အိမ်တွေကိုလည်း ဖျက်ဆီးတယ်၊ ဒါကြောင့် သေနတ်နှင့်ဖြိုခွင်းရတာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်မှ ၃၆ နှစ်အထိရှိသော အမျိုးသားခုနစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၂ ဦးအနက် မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် လေးဦး၊ အသက်အန္တရာယ် စိုးရိမ်ရသောရှစ်ဦးကို စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း၊ ဒဏ်ရာရသူများမှာ ခေါင်း၊ ရင်ဘတ်နှင့် ခြေထောက်တို့တွင် ထိမှန်ခဲ့ကြောင်း လူနာရှင်များထံမှ သိရသည်။

ကျည်ဆန်ထိသဖြင့် မြောက်ဦးဆေးရုံတွင် ဆေးကုသနေသော အသက် ၂၇ နှစ်အရွယ် ကိုကျော်ခိုင်ဝင်းက “ကျွန်တော့်တင်ပါးမှာ ကျည်ဆန်ရှပ်ထိသွားတယ်၊ မနေ့က ပွဲပိတ်လို့ ရဲစခန်းကို သွားမေးတော့ ရဲက သူတို့ဟန့် (တား) တာ မဟုတ်ဘူး၊ အထက်ကဟန့်တာလို့ ပြောတယ်၊ အထက်က ဘယ်သူလဲလို့မေးတော့ မပြောဘူး၊ အဲဒါနဲ့ ခရိုင်ထွေအုပ်ရုံးကို သွားကြတယ်၊ အဲဒီမှာခေါ်တယ်၊ ခေါ်လည်း တစ်ယောက်မှ မလာဘူး။ အဲဒါမှာ ထွေအုပ်ရုံးကိုလာပြီးတော့ ပထမအပေါ်ကို ကျောက်ခဲနဲ့၊ ပြီးတော့ ထွေအုပ်ရုံးကို ကျောက်ခဲနဲ့ပစ်ကြတယ်”ဟု ပြောသည်။

မြောက်ဦးမြို့နယ် အခြေအနေနှင့်ပတ်သက်၍ မြောက်ဦးမြို့နယ် ခရိုင်အုပ်ချုပ်ရေးရုံးသို့ ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်း မရှိသည့်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူးဖုန်းကို ခေါ်ဆိုသော်လည်း ဝန်ထမ်းတစ်ဦးက အစည်းအဝေးတက်နေကြောင်း ပြန်လည်ဖြေကြားသည်။

လူစုလူဝေးကို သေနတ်ဖြင့် ပစ်ဖောက်ဖြိုခွဲရာ၌ ပျောက်ဆုံးနေသူများလည်းရှိပြီး မြောက်ဦးမြို့နယ် တိန်ညှိ စံပြကျေးရွာကလည်း တစ်ဦးပျောက်ဆုံးနေကြောင်း မြောက်ဦးမြို့ ဒေသခံတစ်ဦးက ပြောသည်။

မြောက်ဦးတွင် လူစုလူဝေးဖြစ်ပေါ်မှုကြောင့် သေဆုံးရမှုနှင့်ပတ်သက်၍ မှန်ကန်စွာ ဆောင်ရွက်ပေးရန် ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းက စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံးတွင် ရခိုင်တိုင်းရင်း သား ၅ ဦးက ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါ လူစုလူဝေးဖြစ်ပေါ်မှုနှင့် ပတ်သက်၍ ဥပဒေချိုးဖောက်မှုများရှိခဲ့မှုအပေါ် ဆက်လက်အရေးယူမည်ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်စိုးက ပြောကြားသည်။

လတ်တလောတွင် မြောက်ဦးမြို့နယ်၌ လုံခြုံရေးပိုမိုတင်းကျပ်ထားပြီး ရဲတပ်ဖွဲ့ဝင်များ များစွာချထားသော်လည်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း မြောက်ဦးဒေသမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

The Voice

0 comments:

Post a Comment