Tuesday, April 10, 2018

"သင်္ကြန်ရုံးပိတ်ရက်အတွင်း မန္တလေးအိုးဘိုအကျဉ်းထောင်မှ အကျဉ်းသား(၆၀)ကျော်လွတ်မြောက်မည်"᠌᠌᠌


မန္တလေးသင်္ကြန်ကာလ ရုံးပိတ်ရက်ဖြစ်သော ဧပြီ ၁၃ ရက်မှ ၁၇ ရက်အတွင်း နှစ်စေ့လွတ်မြောက်မည့် အကျဉ်းသားဦးရေ ၆၀ ကျော် ရှိကြောင်း မန္တလေးအိုးဘို အကျဉ်းဦးစီးဌာနမှ သိရသည်။

''အကျဉ်းထောင်ဥပဒေအရ ရုံးပိတ်ရက်မှာ လွတ်ပေါက်ကျတဲ့သူကိုကြိုလွှတ်ရတယ်။ လုပ်ထုံးလုပ်နည်းအရ လွှတ်ပေးတယ်။ လွတ်ရက်စေ့လို့ ပုံမှန်နေ့စဉ်လွှတ် ပေးနေတာလည်းရှိတယ်။ အဲဒီမှာမှ ရုံးပိတ်ရက်ကြာသွားတော့ လွတ်ပေါက်ကျတဲ့ သူကများတဲ့အတွက် လွတ်တဲ့သူဦးရေက တိုးသွားတယ်ဒါပါပဲ။ နှစ်စဉ်သင်္ကြန်ကာလရုံးပိတ်ရက်တိုင်း လွတ်ပေါက်ကြတဲ့ သူတွေကို ကြိုလွှတ်ပေးနေကျပါပဲ။ အခုရုံး ပိတ်ရက်မှာတော့ အကျဉ်းသား ၆၀ ကျော် လောက်တော့ရှိမယ်''ဟု မန္တလေးဗဟို အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းက ပြောကြားခဲ့သည်။

ယခုလိုလွှတ်ပေးခြင်းသည် နေ့စဉ် နှစ်စဉ်လွှတ်ပေးနေကျဖြစ်သော်လည်း ရုံးပိတ်ရက်ရှည်ကြာသောကြောင့် လူဦးရေများပြားခြင်းဖြစ်ကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ဆိုသည်မှာလည်း နိုင်ငံတော်အစိုးရမှ တရားဝင်ကြေညာမှသာ လုပ်ထုံးလုပ်နည်းနှင့်အညီ လွှတ်ပေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သင်္ကြန်ကာလရုံးပိတ်ရက်များတွင်လည်း မန္တလေးအိုးဘိုအကျဉ်းထောင်မှ လွတ်နီးအကျဉ်းသား၊ အကျဉ်းသူ ၁၀၀ ကျော်ကို လွှတ်ပေးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့က နိုင်ငံတော်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မန္တလေးအိုးဘိုအကျဉ်းထောင်မှ အကျဉ်းသား ၃၄၅ ဦး၊ အကျဉ်း သူ ၆၈ ဦးတို့ကိုလွှတ်ပေးခဲ့ကြောင်း သိရသည်။

News Watch

0 comments:

Post a Comment