Tuesday, April 10, 2018

အွန်လိုင်းပေါ် နာမည်ကြီးနေသည့် ဘွဲ့ရပညာတတ် အမှိုက်သိမ်းသမလေး


ဘွဲ့ရပညာတတ်တဦးဖြစ်ပေမယ့် လမ်းမပေါ်မှာ သန့်ရှင်းရေးအလုပ်သမလေးအဖြစ် လုပ်ကိုင်နေတဲ့ ထိုင်းမိန်းကလေးတဦးဟာ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။


ဒါဟာ သူ့ရဲ့ အမှိုက်သိမ်းနေတဲ့ ဓာတ်ပုံနဲ့ ဘွဲ့ဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်ရာကနေ နာမည်ကြီး လူပြောများသွားခဲ့တာဖြစ်ပြီး ဒီပို့စ်ကို အကြိမ်ရေ ၃ သောင်း ၂ ထောင်လောက် ပြန်လည်မျှဝေခဲ့ကြပါတယ်။

လက်ရှိမှာတော့ နွန်အွမ်ဆိုတဲ့ အမည်နဲ့အတူ တညတည်းနဲ့ အင်တာနက်မှာ နာမည်ကျော်သွားခဲ့တဲ့ မိန်းကလေးဆိုပြီး ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြနေကြတယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဒေးလီးနယူးစ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

သူ့ရဲ့အမည်ရင်းကတော့ ဆူဝနမ်ခက်တီယမ်ဖြစ်ပြီး သူဟာ ဘန်ကောက်မြို့၊ ချန်တရာကာဆမ်ကောလိပ်မှာ စိတ်ပညာအထူးပြု ဘာသာရပ်နဲ့ ဘွဲ့ရရှိထားသူ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်ပေါ် တင်ထားခဲ့တဲ့ သူ့ရဲ့ ဓာတ်ပုံအညွှန်းမှာတော့ “ကျောင်းပြီး ဘွဲ့ရသွားတယ်ဆိုတာ အဲကွန်းတပ်ဆင်ထားတဲ့ ရုံးခန်းထဲမှာ အလုပ်လုပ်မှ အဓိပ္ပာယ်ရှိတာ မဟုတ်ပါဘူး။ လုံလောက်တဲ့ ငွေပမာဏ စုဆောင်းနိုင်ဖို့ပါပဲ” လို့ ရေးသားထားခဲ့တာပါ။

သူက တစုံတရာဖြစ်ဖြစ် အသုံးတည့်တဲ့ အလုပ်တွေသာ လုပ်ချင်ပြီး သာမန်အလုပ်တွေထဲက ဖိအားမျိုးတွေ မရှိချင်ဘဲ လွတ်လွတ်လပ်လပ်သာ လှုပ်ရှားချင်တယ်လို့ ဆိုပါတယ်။

သန့်ရှင်းရေးသမလေးအဖြစ် လက်ရှိလုပ်ကိုင်နေရတဲ့ အလုပ်မှာတော့ လုပ်ဖော်ကိုင်ဘက်တွေဟာ ဝိုင်းဝန်းပံ့ပိုးကူညီကြပြီး အဖွဲ့လိုက် ဘန်ကောက်မြို့တော် အနှံ့သွားရောက် အလုပ်လုပ်ရတယ်လို့ ဆူဝနမ်က ပြောပါတယ်။

“ဒါက လူအများစုအနေနဲ့ မတွေးမိကြတဲ့ တစုံတရာပါပဲ။ ဒါပေမယ့် ဘွဲ့ရပြီး အလုပ်လုပ်မယ့်သူတွေ အနေနဲ့တော့ စဉ်းစားသင့်ပါတယ်။ ဒါဟာ အလုပ်လက်မဲ့အဖြစ် ဝင်ငွေတပြားတချပ်မှမရှိဘဲ နေရတာထက်စာရင်တော့ အများကြီး ပိုကောင်းပါတယ်။”

လက်ရှိမှာတော့ ဆူဝနမ်ဟာ မြို့တော်သန့်ရှင်းရေး အလုပ်သမလေးအဖြစ် ဘဝကို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ဖြတ်သန်းနေပါတယ်။

DVB

0 comments:

Post a Comment