Tuesday, April 10, 2018

တစ်နေရာမငြိမ်းချမ်းလျှင် တစ်တိုင်းပြည်လုံးအပေါ် ဆိုးကျိုးသက်ရောက်၍ ငြိမ်းချမ်းရေး မရသည်ကို လူတစ်ဦးချင်း စီ အလေးအနက်ထား စဉ်းစားစေလိုဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြော


တစ်နေရာ မငြိမ်းလျှင် တစ်တိုင်းပြည်လုံးအပေါ် ဆိုးကျိုးသက်ရောက်၍ ငြိမ်းချမ်းရေး မရသည်ကို လူတစ်ဦးချင်းစီ အလေးအနက်ထား စဉ်းစားစေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဧပြီ ၁၀ ရက် က မြောင်းမြမြို့တွင် ကျင်းပသည့် ဒေသခံပြည်သူများ စကားဝိုင်း (Peace Talk) ၌ ပြောကြားခဲ့သည်။

’’မြောင်းမြကို လာဖို့က တံတားလာကြည့်တာလည်းပါတယ်။ နောက်အပတ်စဉ်လုပ်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းလေးလည်း မစရသေးတော့ ဒါ လည်း ပါပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘာကြောင့် အရေးကြီးလဲ။ အခု ဧရာဝတီတိုင်းဟာ လက်နက်ကိုင် ပဋိပက္ခမရှိပေမယ့် တစ်ချိန်က ရှိခဲ့ပါတယ်။ အခုတော့ငြိမ်းချမ်းသွားပြီပေါ့။ မငြိမ်းချမ်းသေးတာအတွက် ဘယ်လိုဝိုင်းဝန်းကူညီမလဲ။ နောက်ပြီး တစ်နေရာ မငြိမ်းချမ်းတာဟာ တစ်တိုင်းပြည်လုံးကို ဆိုးကျိုးသက်ရောက်ပါတယ်။အဲဒီတော့ ဘာလို့ ငြိမ်းချမ်းရေးမရလဲ လူတစ်ဦးချင်းစီ အလေးအနက် ထား စဉ်းစားစေချင်တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ငြိမ်းချမ်းရေး နှင့် ဖွံဖြိုးရေးသည် တွဲနေပြီး ခွဲ၍မရကြောင်း ငြိမ်းချမ်းမှသာ ဖွံဖြိုးမည်ဖြစ်ကြောင်း၊ ဖွံဖြိုးရေးကိုကြည့်ရာတွင် ကိုယ့်ဒေသ ကိုယ့်မြို့နယ်တစ်ခုထဲ ကြည့်၍မဖြစ်ကြောင်း ကိုယ့်အိမ်တွင် မိသားစု မငြိမ်းချမ်းသည်မှ ရပ်ကွက် မအေးချမ်းသည်အထိ မငြိမ်းလျှင် စိတ်မချမ်းသာကြောင်း အတိုင်ပင်ခံက ဆိုသည်။

အဆိုပါစကားဝိုင်းတွင် ငြိမ်းချမ်းရေးကို အဓိက ထားကာ ဆွေးနွေးခဲ့ပြီး ဒေသခံများ၏ ငြိမ်းချမ်းရေး အပေါ် အမြင်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အဓိကထားမေးမြန်းခဲ့သည်။

မင်းသီဟန်(အကုန်သိသတင်းဌာန) 

0 comments:

Post a Comment