Wednesday, April 11, 2018

စည်းကမ်းပျက်သင်္ကြန်ပျော်ပါးမှုများကို အရေးယူရန် မွန်ပြည်နယ်ဝန်ကြီးချုပ်ညွန်ကြား


မွန်ပြည်နယ်မဟာသင်္ကြန်ပွဲတော်မှာ စည်းကမ်းချိုးဖောက်တဲ့ သင်္ကြန်ပျော်ပါးမှုတွေကို လုံခြုံရေးဝန်ထမ်းတွေက ရဲရဲတင်းတင်းအရေးယူဆောင်ရွက်ဖို့  မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုလိုက်ပါတယ်။

ဧပြီ ၁၁ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ မွန်ပြည်နယ် ၂၀၁၈ ခုနှစ် မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက “ဆိုင်ကယ်စီးလှည့်လည်တဲ့သူတွေကို ကမ်းနားလမ်းလို ဝင်ရောက်ခွင့်မပြုထားတဲ့ သတ်မှတ်နေရာတွေကို လုံးဝမပေးဝင်ပါနဲ့။ ဆိုင်ကယ်တွေ ဝင်ခြင်းအားဖြင့် လမ်းလျှောက် သင်္ကြန်ဟာ အရုပ်ဆိုး အကျည်းတန်စေမှာဖြစ်ပါတယ်။ နောက်ပြီးသင်္ကြန်မတိုင်ခင်က ချမှတ်ထားတဲ့ အတိုင်း ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းရမယ်၊ နောက်ကြည့်မှန်တတ်ရမယ်၊ ဆိုင်ကယ်စီးရင် နားကြပ်တပ် သီချင်းနားထောင်လို့ မရပါဘူး။ ဒီစည်းမျဉ်း ကျူးလွန်တဲ့သူတွေကိုလည်း သင်္ကြန်တွင်းမို့ ခွင့်လွှတ်လို့မရပါဘူး။ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးစေလိုပါတယ်”လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဥပဒေအရ ရဲရဲတင်းတင်းဆောင်ရွက်တဲ့နေရာမှာ အားလုံးရဲ့အနောက်မှာ မားမားမတ်မတ် ရပ်တည်ပြီးဆောင်ရွက်ပေးသွားမယ်၊ မွန်ပြည်နယ်ရဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်မှာ ရိုးရာယဉ်ကျေးမှုကို ထိခိုက်စေတာ၊ အုပ်စုအချင်းချင်း ရန်ဖြစ်တာတွေကို  “လုံးဝ”သီးခံ ခွင့်လွှတ်သွားမှာ မဟုတ်ဘူးလို့လည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

မွန်ပြည်နယ် မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မတ်လ ၁၃ ရက် (သင်္ကြန်အကြိုနေ့)မှ မတ်လ ၁၇ ရက်( နှစ်ဆန်းတစ်ရက်နေ့)ထိ ငါးရက်တိုင်တိုင် ကျင်းပ မှာဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ကို သင်္ကြန်အကြတ်နေ့မှ နှစ်ဆန်းတစ်ရက်နေ့ထိ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ မင်္ဂလာဘုရင်ရုပ်ရှင်ရုံမှ ထားဝယ်တံတားထိ မွန်းလွဲပိုင်းတွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

သတင်း – ယူမင်းစိုး
DVB

0 comments:

Post a Comment