Thursday, April 19, 2018

ဒုက္ခသည်များကို အမြန်ဆုံးပြန်လည်လက်ခံရန် ဆန္ဒရှိကြောင်းနှင့် အဆင်သင့်ဖြစ်နေကြောင်း အစိုးရပြောကြား


ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ရခိုင်ပြည်နယ် မှ နေရပ်စွန့်ခွာသူများကို အမြန် ဆုံးပြန်လည်လက်ခံရန် ဆန္ဒရှိ ကြောင်းနှင့် အဆင်သင့်ဖြစ်နေပြီ  ဖြစ်ကြောင်း မြန်မာအစိုးရတာဝန် ရှိသူများက ယမန်နေ့ (ဧပြီ ၁၉ ရက်)တွင် ပြောကြားသည်။

မကြာမီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  သွားရောက်ပြီး ယင်းခရီးစဉ်နှင့် ပတ်သက်၍ ယမန်နေ့တွင် ရန်ကုန်မြို့ရှိ NRPC ၌ မြန်မာအစိုးရတာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အထက်ပါအတိုင်း  ပြောကြားသည်။

‘‘ကျွန်တော်တို့က အဆင် သင့်ဖြစ်နေပြီ။ ပြန်လည်လက်ခံဖို့ လည်း ဆန္ဒရှိပါတယ်။ သူတို့ရဲ့ မူလနေရာမှာပဲ လုံခြုံစွာနဲ့ ဂုဏ် သိက္ခာရှိရှိပြန်လည်နေထိုင်ခွင့်ရ မှာပါ။ သူတို့ရဲ့ သဘောဆန္ဒအ တိုင်း ဖြစ်နိုင်သမျှ မြန်မြန်ပြန်လာ နိုင်ပါတယ်’’ဟု ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်း ထွန်းက ပြောသည်။

အထက်ပါသတင်းစာရှင်း လင်းပွဲသို့ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်း ထွန်း၊ ဒေါက်တာ ၀င်းမြတ်အေး၊ ရခိုင်ပြည်နယ်လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေး ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်အပါအ၀င် ဘင်္ဂလားဒေ့ရှ်ခရီးစဉ်တွင် လိုက်ပါခဲ့သည့် ပုဂ္ဂိုလ်များက ရှင်းလင်းပြောကြားပြီး နိုင်ငံတကာသံတမန်များနှင့် သတင်းမီဒီယာများတက်ရောက်ခဲ့သည်။

သတ်မှတ်ပုံစံအတိုင်း ဖြည့်သွင်း ခြင်းမရှိ၍ နှောင့်နှေးခြင်းဖြစ်

မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီများနေထိုင်ရာ ကော့ဘဇားဒုက္ခသည် စခန်းနှင့် ဒါကာမြို့သို့ ဧပြီ ၁၁ မှ ၁၃ ရက်အထိသွားရောက်ပြီး ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန် လည်ဝင်ရောက်ရန် နှောင့်နှေးနေ သည့်အကြောင်းရင်းကို သိရှိရန် ကိုယ်တိုင်သွားရောက်ခြင်းဖြစ် ကြောင်း ဒေါက်တာ ၀င်းမြတ်အေးက ပြောသည်။

‘‘နှောင့်နှေးရတဲ့အကြောင်း ရင်းက ပုံစံတွေကို သတ်မှတ်ထား တဲ့အတိုင်း ပုံစံတကျဖြည့်ထား တာမရှိဘူး။ နောက်ပြီး ပို့တဲ့ပုံစံ တွေကလည်း စနစ်မကျတော့ ပြန်လည်စစ်ဆေးဖို့ ခက်တယ်။ နှောင့်နှေးကြန့်ကြာတယ်’’ဟု ၎င်းက ရှင်းပြသည်။

သို့ရာတွင် သတ်မှတ်ထား သည့်ပုံစံ (Form) ဖြည့်သွင်းခြင်း မရှိသည့်အကြောင်းကို ဘင်္ဂလား ဒေ့ရှ်ပြည်ထဲရေးဝန်ကြီးနှင့် နိုင်ငံ ခြားရေးဝန်ကြီးတို့ကို ရှင်းပြဆွေး နွေးနိုင်ခဲ့သဖြင့် လက်ရှိတွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ကျော်လွှား၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများရရှိခဲ့ကြောင်း ဒေါက်တာ ၀င်းမြတ်အေးက ဆိုသည်။

‘‘ဖြည့်ရမယ့်ဖောင်တွေက နှစ်နိုင်ငံဆွေးနွေးပြီး သဘောတူ ထားတဲ့ပုံစံ။ ဓာတ်ပုံမပါဘူး။ လက်မှတ်မပါဘူး။ လက်ဗွေမပါ ဘူး။ ဗမာဘက်က ဘာမှပြန်ပို့စရာမလိုဘူး။ ပြန်ပို့ထားတဲ့ ဖောင်တွေ က သတ်မှတ်ထားတဲ့အတိုင်း မ ဟုတ်ဘူးဆိုတာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသိသွားတဲ့အ တွက် အဲဒီပုံစံနဲ့ ပြန်ပို့ဆိုပြီး သူ့ လူတွေသူပြောတယ်။ မြန်မာ ဘက်ကိုလည်း အမြန်ဆုံးပြန်ပို့ဆို ပြီး ပြောတယ်’’

NVC ရှိလျှင် လွတ်လပ်စွာသွား လာခွင့်ရမည်

နိုင်ငံသားဖြစ်မှု သက်သေခံကတ်ပြား (NVC) ကိုင်ဆောင်ထားသူများအနေဖြင့် လွတ်လပ်စွာသွားလာခွင့်ရရှိရန် ဆောင်ရွက်နေပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ပုံစံ-၄  ဖြည့်သွင်း၍ သက်ဆိုင်ရာသို့ အကြောင်းကြားကာ သွားလာခွင့်ရရှိနေပြီဖြစ်ကြောင်း ဒေါက်တာ ၀င်းမြတ်အေးက ပြောသည်။

‘‘တားမြစ်ကန့်သတ်ချက် တွေကို လျှော့ဖို့၊ လွတ်လပ်စွာ သွားလာခွင့်ကိုရဖို့။ ဘယ်လိုလဲဆို တော့ အနည်းဆုံး NVC ကတ်ကိုင်ဆောင်ထားတဲ့သူသည် Freedom Of Movement ရရမယ်လို့ ဆောင်ရွက်နေတယ်။ ဆောင်ရွက်နေတဲ့ ကြားကပဲဖြစ်တဲ့နေရာက ဖြစ်နေ တယ်’’ဟု ၎င်းက ဆိုသည်။

ထွက်ပြေးတိမ်းရှောင်သူ များ ပြန်လည်ဝင်ရောက်ရေး မြန်မာနိုင်ငံသားဖြစ်ရန်မလိုအပ် သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်း၌ နေထိုင်ခဲ့ဖူးသည့် အထောက်အထားအခိုင်အမာရှိရန်လိုအပ် ကြောင်း အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ပြောသည်။

ပြန်လည်ဝင်ရောက်လာသူ များကို ဘင်္ဂါလီ (သို့မဟုတ်) ရိုဟင်ဂျာအဖြစ်လက်ခံမည်မဟုတ်ဘဲ ရခိုင်ပြည်နယ်တွင်ရှိသော မွတ်စ လင်အသိုင်းအ၀ိုင်းဟု သုံးနှုန်း ကြောင်း ဦးကျော်တင့်ဆွေက ရှင်း ပြသည်။ NVC လုပ်ငန်းစဉ်တွင် လျှောက်ထားသူများကို လက်ရှိ တည်ဆဲဥပဒေများအတိုင်း ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံသားဖြစ် ထိုက်သူများသည် ငါးလအတွင်း နိုင်ငံသားဖြစ်မှုသက်သေခံကတ် ပြားရရှိမည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ကော့ဘဇားအတွေ့အကြုံ

မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ကော့ဘဇားဒုက္ခသည်စခန်း သို့ အချိန်အကန့်အသတ်ဖြင့်သွား ရောက်ခဲ့ရကြောင်း ဒေါက်တာ ၀င်းမြတ်အေးက သံတမန်များနှင့် သတင်းထောက်များအား ပြောသည်။

‘‘မြန်မာပြည်ပြန်လာဖို့ သူ တို့ (ဘင်္ဂါလီ)အားလုံးက ဆန္ဒရှိ ကြပါတယ်။ ဒါပေမဲ့ သူတို့သတ် မှတ်ထားတဲ့ပုံစံကို ဘယ်လိုဖြည့် ရမလဲဆိုတာ မသိကြဘူး’’ဟု ရခိုင်ပြည်နယ် လူသားချင်းစာနာမှုအ ကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ဒုဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

သို့ရာတွင် ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန် ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့နှင့် တွေ့ဆုံ၍ အခြေအနေများ ရှင်းလင်းဆွေးနွေးနိုင်ခဲ့သဖြင့် အောင်မြင်သည့်  ခရီးစဉ်တစ်ခုဖြစ် ကြောင်း ၎င်းက ဆိုသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ရခိုင်ပြည်နယ်မြောက်ပိုင်း မှ ထွက်ပြေးတိမ်းရှောင်သူများ ပြန်လည်ဝင်ရောက်ရန် အတားအဆီး ဖြစ်နေသည့်အကြောင်းအရာများ ကို ရှာဖွေခဲ့ကြောင်းနှင့် အမျိုးသမီးတစ်ဦးတည်းကပင် ဇာတ်လမ်းအ မျိုးမျိုးပြောနေသည်ကို တွေ့ခဲ့ရ ကြောင်း UEHRD ညှိနှိုင်းရေးမှူး ချုပ် ပါမောက္ခ ဒေါက်တာ အောင် ထွန်းသက်က ပြောသည်။

7Day

0 comments:

Post a Comment