Thursday, April 19, 2018

၂၀၂၀ ခုနှစ်တွင် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၀င်ရန် အပြီးသတ် တင်သွင်းသွားမည်


၂၀၂၀ ခုနှစ်တွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ရန် အပြီးသတ် တင်သွင်းသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန်အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်း၍ ကွင်းဆင်းလေ့လာမှုများ ကို ယခုလ ဒုတိယပတ်အတွင်းက ပြုလုပ်နေပြီဖြစ်ကြောင်းသိရသည်။ ယင်းအပြင် ၂၀၁၉ ခုနှစ်တွင် မြောက်ဦးဒေသ နှင့်ပတ်သက်သည့် အချက်အလက်များကို မူကြမ်းရေးဆွဲ၍ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“၂၀၂၀ ခုနှစ်မှာ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ အပြီး တင်သွင်းသွားမှာဖြစ်တယ်။ မြောက်ဦးဒေသမှာ ရှေးဟောင်း အမွေအနှစ်တွေအများကြီး ရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှု နေရာတွေကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့အတွက် ကြိုးစားသွားပါမယ်”ဟု ရှေးဟောင်းသုတေသနဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောသည်။

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ရန် အဆိုပြုလွှာမူကြမ်းကို ယူနက်စကို (ဗဟို)သို့ ၂၀၁၈ စက် တင်ဘာလတွင် နောက်ဆုံးထား၍ တင်ပြ ရမည်ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်၏ ခရီးသွားဇုန်အဖြစ်သတ်မှတ်ထားသည့် မြောက်ဦးဇုန်၊ သံတွဲဇုန်၊ စစ်တွေဇုန်နှင့် ကျောက်ဖြူဇုန်ဟူ၍ ဇုန်လေးဇုန် သတ်မှတ်ထားကြောင်း၊ သို့သော် ပြီးခဲ့သည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် ရခိုင်အရေးကိစ္စ္စနှင့်ပက်သက်၍ နိုင်ငံတကာ သတင်းမီဒီယာများမှ မဟုတ်မမှန်သတင်းများ ဖော်ပြခဲ့သည့်အတွက်ကြောင့် ရခိုင်ပြည်နယ်သို့ သွားရောက်လည်ပတ်လိုသည့် နိုင်ငံခြားခရီးသွားဧည့်သည်များ မှာ ၀င်ရောက်မှု နည်းပါးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ရခိုင်အရေးကိစ္စကြောင့် ပြည်တွင်းသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားခရီးသွားဧည့်သည် များ ကျဆင်းခြင်းသည် ရခိုင်ဒေသတွင် မဟုတ်ပဲ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျဆင်းနေကြောင်း ပြီး ခဲ့သည့် ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုနှုန်းမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း ၀န်းကျင် ထိ ကျဆင်းခဲ့ကြောင်း သိရသည်။

ယူနက်စကိုမှ ပျူမြို့ဟောင်း သုံးမြို့ဖြစ်သော သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း ရှေးဟောင်း ယဉ်ကျေးမှုဇုန်များကို ကမ္ဘာ့ အမွေအနှစ် စာရင်းဒေသအဖြစ် သတ်မှတ်ခဲ့ပြီးနောက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်တွင် ပုဂံရှေး ဟောင်းယဉ်ကျေးမှုဇုန်၊ ၂၀၁၈ ခုနှစ်တွင် မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်နှင့် ၂၀၁၉ ခုနှစ် ရွှေတိဂုံစေတီတော်တို့ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့အစည်း (ယူနက်စကို)သို့ ဝင်ရောက်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။


စုသက်နှင်း
AKonThi

0 comments:

Post a Comment