Thursday, April 19, 2018

ဗုဒ္ဓဆံတော်ရှင်ကို ရွှေတိဂုံစေတီသို့ သံဃာနှင့် သီလရှင်အပါး ၅,၀၀၀ ဖြင့် ပင့်ဆောင် ရွှေတိဂုံစေတီတွင် ငါးရက်ကြာထားရှိပူဇော်မည်


ဗိုလ်တထောင် ကျိုက် ဒေးအပ်ဆံတော်ဦးစေတီဌာပနာ တိုက်အတွင်းရှိ ဗုဒ္ဓဆံတော်ရှင်ကို သံဃာနှင့် သီလရှင်အပါး ၅,၀၀၀ ဖြင့် ရွှေတိဂုံစေတီသို့ ယမန်နေ့က ပင့်ဆောင်ပူဇော်ခဲ့သည်။

ဗုဒ္ဓဆံတော်ရှင်ကို သံဃာ အပါး ၄,၅၀၀ နှင့် သီလရှင်အပါး ၅၀၀ က ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းမှ သိမ်ဖြူလမ်းသို့ ပင့်ဆောင်လာပြီး ကန်တော်ကြီး ကန်ပတ်လမ်းကို ပတ်ကာ နတ်မောက်လမ်းမှ တစ်ဆင့် ကြားတောရလမ်းအတိုင်း ရွှေတိဂုံစေတီတော်သို့ ပင့်ဆောင်ခဲ့သည်။

လမ်းခရီးတွင် အမှိုက်သရိုက်ကင်းစင်ရေး ရန်ကုန်မြို့တော် စည်ပင်ဝန်ထမ်းအင်အားလေးရာ ဖြင့် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ သံဃာနှင့် သီလရှင်များထံ လမ်းတစ်လျှောက် ရေဘူး၊ အအေးများ ဆက်ကပ်ခဲ့သည်။

‘‘ဝန်ထမ်းသုံးတာက အမာခံ ဝန်ထမ်း၊ နေ့စားဝန်ထမ်းလေးရာ သုံးတယ်။ ပတ်ဝန်းကျင်သန့်ရှင်း ရေးက နှစ်ရာထုတ်တယ်။ ပန်း ဥယျာဉ်က တစ်ရာထုတ်တယ်။ လမ်းတံတားက တစ်ရာထုတ် တယ်’’ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက သန့်ရှင်းရေး လုပ်ငန်းစဉ်ကို ပြောသည်။

ဆံတော်ရှင်ကို ဗိုလ်တ ထောင်ဆံတော်ရှင်စေတီမှ ရွှေတိဂုံစေတီသို့ လေးမိုင်သုံးဖာလုံ ခရီးကို ရဟန်းရှင်လူများက နံနက် ၅ နာရီ မိနစ် ၄၀ တွင် လမ်းလျှောက် ၍ စတင်ပင့်ဆောင်ပြီး နံနက် ၈ နာရီခွဲတွင် ရွှေတိဂုံစေတီတော် သို့ ရောက်ရှိခဲ့သည်။

‘‘ရွှေတိဂုံဘုရားမှာ အများ ပြည်သူတွေ လာရောက်တဲ့အ တွက် အများပြည်သူတွေအားလုံး ဖူးမြော်ခွင့်ရစေချင်တဲ့ စေတနာနဲ့ နိုင်ငံတော်သြဝါဒါစရိယတို့၊ တိုင်း သံဃနာယကဥက္ကဋ္ဌတို့နဲ့ ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ စီစဉ်ပြီးတော့ ပင့်ဆောင်အပူ ဇော်ခံတာဖြစ်ပါတယ်’’ဟု ဗိုလ်တ ထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီဂေါပကအဖွဲ့ဝင် ဦးမျိုးမြင့် က ပြောသည်။

ဗုဒ္ဓဆံတော်ရှင်စေတီတော် မြတ်၊ ရတနာ၊ နဝရတ်၊ စိန်ဖူး တော်၊ ငှက်မြတ်နားတော်နှင့် ရွှေ ထီးတော်တို့ကို ရွှေတိဂုံစေတီရှိ ချမ်းသာကြီးတန်ဆောင်းတွင် ငါးရက်တာ ထားရှိပူဇော်ပြီး ပြည်သူများဖူးမြော်ခွင့်ရရှိမည်ဖြစ်သည်။

‘‘ကျွန်တော်တို့ ၂၄ ရက်နေ့ ညနေကျရင်တော့ ဗိုလ်တထောင် စေတီတော်ကို ပြန်လည်ပင့် ဆောင်သွားမှာ ဖြစ်ပါတယ်’’ ဟု ဦးမျိုးမြင့်က ပြောသည်။

7Day

0 comments:

Post a Comment