Sunday, April 15, 2018

လုပ်သားတစ်သိန်းကျော် အလုပ်ရစေမည့် ရေလုပ်ငန်းအလုပ်ရုံများအတွက် အတိုးသက်သာစွာဖြင့် ကျပ်ဘီလျံ ၁၀၀ ချေးပေးရန် အစိုးရထံတောင်းဆို


လုပ်သားတစ်သိန်းကျော် အလုပ်ရစေမည့် ရေလုပ်ငန်းဆိုင်ရာ စက်ရုံများ၊ အအေးခန်းများနှင့် ထုတ်ကုန်အရည်အသွေးမြှင့်တင်ပေးရေးဆိုင်ရာ စက်ရုံများကို ထူထောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးဌေးမြင့်(ယုဇန)က ဒုတိယသမ္မတဦးဆောင်သော အစိုးရအဖွဲ့ ထံ တင်ပြထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ရေလုပ်ငန်းကဏ္ဍသည် နိုင်ငံခြားဝင်ငွေများစွာ ရရှိရန်အလားအလာကောင်းသော လုပ်ငန်းလည်းဖြစ်ပြီး လာမည့် တစ်နှစ် ၊ နှစ်နှစ်အတွင်း ပြည်ပပို့ ကုန်ဝင်ငွေ ဒေါ်လာ ၂ ဘီလျံ၊ ၃ ဘီလျံ ရရှိနိုင်မည့်အခြေအနေမျိုးတွင်ရှိနေကြောင်းလည်း ဦးဌေးမြင့်က ဒုတိယသမ္မတဦးမြင့်ဆွေဦးဆောင်သော အစိုးရအဖွဲ့  ထံ ဧပြီလ ပထမပတ်က တင်ပြခဲ့ကြောင်း သိရသည်။ 

အထူးသဖြင့် ယင်းကဲ့သို့ လုပ်သားတစ်သိန်းကျော် အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်မည့် စက်ရုံ၊အလုပ်ရုံ အအေးခန်းများ တည်ဆောက်မှုအတွက် အစိုးရအဖွဲ့ ဘက်မှလည်း ကူညီထောက်ပံ့ပေးမှုများ လိုအပ်နေသဖြင့် အစိုးရ၏အထူးခွင့်ပြုချက်များကို အလိုရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ၄င်းတင်ပြခဲ့သော အဓိကအချက်များမှာ ထုတ်ကုန်တန်ဖိုးမြှင့် ငါး၊ ပုစွန်များကို နိုင်ငံခြားသို့ တင်ပို့နိုင်ရန်အတွက် ခေတ်မီနည်းစနစ်များ အသုံးပြုခြင်း၊ ငါးကန်ဆောက်ခြင်း၊ ငါးစာထုတ်လုပ်သည့် စက်ရုံဆောက်ခြင်း၊ အအေးခန်းစက်ရုံဆောက်ခြင်းနှင့် ထုတ်ကုန်အရည်အသွေးမြှင့် စက်ရုံတည်ဆောက်ခြင်းတို့ကို ပုဂ္ဂလိကကဏ္ဍက ပြုလုပ်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောက်လုပ်မှုကို အင်ဒိုနီးရှား၊ ထိုင်ဝမ်နှင့် တရုတ်ပညာရှင်များက မြန်မာလုပ်သားများတွဲ၍ တည်ဆောက်မည်ဖြစ်ကြောင်းလည်း ဆိုသည်။ 

ယင်းကဲ့သို့ အစီအစဉ် ရှိထားမှုများကြောင့် မျိုးငါး၊ မျိုးပုစွန် နှင့် မြေနေရာများ၊ SMEs ချေးငွေများလိုအပ်နေရာ စီမံဘဏ္ဍာရေးရာဝန်ကြီးဌာနက ကျပ်ဘီလီယံ (၁၀၀) ကို လျာထားထုတ်ချေးပေးမည့်အစီအစဉ်တွင် အတိုးနှုန်းကို သက်သာစွာ ဖန်တီးပေးစေလိုကြောင်း တင်ပြခဲ့သည်ဟု သိရသည်။ 

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော အစိုးရအဖွဲ့ ကမူ ယင်းကိစ္စအတွက် အသေးစိတ် သိလိုသည်များ ရှိနေသေးသည့်အတွက် ထပ်မံစိစစ်၍ လိုအပ်သလိုကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသာ အကြောင်းပြန်ထားသည်ဟု သိရသည်။

အေ၀ိုင်အီး 
AKonThi

0 comments:

Post a Comment