Sunday, April 15, 2018

အိန္ဒိယ လွှတ်တော်အမတ်တဦးကို မုဒိမ်းမှုဖြင့် ဖမ်းဆီး


အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူတာ ပရာဒစ်ရှ်ပြည်နယ် ဥပဒေပြု လွှတ်တော်အမတ် ၁ ဦးကို မုဒိမ်းမှုနဲ့ ဧပြီ ၁၄ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

အာဏာရပါတီ (BJP) ရဲ့ လွှတ်တော်အမတ် ကူဒီ ဆင်းစင်ဂါကို လွန်ခဲ့တဲ့ ၉ လက ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်အား အဓမ္မပြုကျင့်ခဲ့တယ်လို့ သံသယရှိတဲ့အတွက် အိန္ဒိယ ဗဟိုစုံစမ်းစစ်ဆေးရေးဌာနချုပ် (CBI) က ဖမ်းဆီးခဲ့တာပါ။

အခုကိစ္စမှာ အစိုးရအာဏာပိုင်တွေက စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်နေတယ်လို့ တက်ကြွလှုပ်ရှားသူတွေကလည်း ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကာယကံရှင် မိန်းကလေးဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေဖို့ ကြိုးစားခဲ့ပြီးနောက်မှာ စင်ဂါကို စစ်ဆေးဖို့ ပြည်နယ်အုပ်ချုပ်ရေးမှုးက CBI ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

စင်ဂါကို ၇ ရက်ကြာထိန်းသိမ်းပြီး သက်ဆိုင်ရာက စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် နရန်ဒါ မိုဒီကလည်း ဒီကိစ္စကို အရေးယူဆောင်ရွက်သွားမယ်လို့ ဧပြီ ၁၃ ရက်နေ့က ကတိပြုထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB

0 comments:

Post a Comment