Thursday, April 12, 2018

ငခူရ ဟိန္ဒူကျေးရွာမီးလောင်၊ အိမ်ခြေ ၆၅ လုံးဆုံးရှုံးပြီး လူပေါင်း ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်


ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း ငခူရ ဟိန္ဒူကျေးရွာတွင် ယနေ့ နေ့လယ်က မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၆၅ လုံး မီးလောင်သွားပြီး လူပေါင်း ၄၀၀ ကျော် အိုးမဲ့အိမ်မဲ ဖြစ်သွားကြောင်း သတင်းရရှိသည်။

မီးလောင်သည့် နေရာသို့ ရောက်နေသည့် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က “အိမ်ခြေ စုစုပေါင်း ၆၅ လုံး မီးထဲပါသွားပါတယ်။ လူပေါင်း ၄၁၉ ယောက်က အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပါတယ်။ မီးလောင်တာ မီးကြွင်းမီးကျန်တဲ့နေရာက လောင်တဲ့ ပေါ့ဆမီးပါ။ မီးဘေး ဒုက္ခသည်တွေကို ငခူရ အထက်တန်းကျောင်းမှာ နေရာချပေးထားပါတယ်” ဟု ပြောသည်။

လောလောဆယ်တွင် မီးလောင်၍ ဒုက္ခဖြစ်သွားသည့် မိသားစုများသို့ အိုးခွက်ပုဂံ၊ ဆန်ဆီဆား၊ နေရာစရာ အမိုးအကာ၊ တာပေါ်လင်၊ စောင်၊ ခြင်ထောင်များ ကူညီထောက်ပံ့ထားသည်ဟု သူက ပြောသည်။

ကျေးရွာသားတစ်ဦးဖြစ်သူ ဟိန္ဒူလူကြီး တစ်ဦးက “ မီးလောင်တာက နေ့လယ် ၁၂ နာရီ ၅၀ မိနစ်လောက်မှာ စလောင်ပါတယ်။ ခလေးမတစ်ယောက်က မီးပေါ့ဆရာကနေ လောင်တာပါ။ ၃ နာရီ ၃၀ မှာ ငြိမ်းပါတယ်။ မောင်တော မီးသတ်ကကား၊ ဌာနချုပ်က မီးသတ်ကား၊ လက်ခံရေး စခန်းက မီးသတ်ကားတွေ ၀ိုင်းဝန်း ငြိမ်းသတ်ပေမယ့် လေက အရမ်းပြင်းနေတော့ ခုလို အိမ်ခြေ ၆၅ လုံး လောင်သွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းဟိန္ဒူရွာတွင်အိမ်ခြေ ၈၀ ရှိပြီး ၆၅ လုံး မီးထဲပါသွားသဖြင့် တစ်ရွာလုံး ပြာပုံ ဖြစ်သွားခဲ့သည်ဟု သူက ပြောဆိုသည်။

Narinjara

0 comments:

Post a Comment