Thursday, April 12, 2018

ဖူးခက်တွင် လိမ်လည်အမှုဖွင့်သည့် အာဂျင်တီးနား အမျိုးသမီးကို တရားစွဲ

  
အာဂျင်တီးနားနိုင်ငံက အသက် ၃၂ နှစ်အရွယ် မစ္စဂျုလီယာနာက ဆူရင်ကမ်းခြေမှာ သူခိုးတွေ လုယက်ခဲ့တယ်လို့ ရဲကို တိုင်တန်းခဲ့ပေမယ့် လိမ်လည်အမှုဖွင့်တိုင်တန်းတယ်ဆိုတာ ရဲတွေသိသွားပြီး သူမကို တရားစွဲလိုက်တယ်လို့ သိရပါတယ်။

ရဲတွေက တိုင်တန်းချက်ကို လက်ခံပြီးတဲ့နောက် ချာ(င်)တလေ ရဲဌာနရဲ့ ဒုရဲချုပ်နဲ့ ရဲအရာရှိတဦးဖြစ်တဲ့ ဆန်ဟာဝစ်ဆန်နစ်ဝွန်တို့ အခင်းဖြစ်တဲ့နေရာကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။

“ဆိုင်ကယ် ၂ စီးပေါ်က လုယက်သူ ၃ ဦးက သူမရဲ့အိတ်ကို လုပြီး ဆူရင်ကမ်းခြေကို ထွက်ပြေးတယ်လို့ မစ္စဂျူလီယာနာက ပြောတယ်။ အဲ့ဒီအထဲမှာ ဘတ် ၃ သောင်းတန်တဲ့ လန်နိုဗို လက်ပ်တော့ပ်၊ ဘတ် ၂၂၅၀၀ တန် အိုလမ်ပက်စ်ကင်မရာ၊ ဘတ် ၉၀၀၀ တန်နာရီ၊ ဘတ် ၉၀၀၀ ထောင်တန် နေကာမျက်မှန်နဲ့ အိတ်ထဲမှာလည်း ငွေသားကြီးပဲ ဘတ် ၄ သောင်း ၅ သောင်းလောက်ရှိမယ် ပစ္စည်းတန်ဖိုးတွေ အားလုံးပေါင်းလိုက်ရင် ဘတ် ၇ သောင်းခွဲလောက်ရှိမယ်ဆိုပြီး သူမက တိုင်ကြားခဲ့တာ” လို့ ရဲအရာရှိ ဆန်ဟာဝစ်က ရှင်းပြပါတယ်။

ဒါပေမယ့် မစ္စဂျုလီယာနာကို ရဲတွေက မေးမြန်းချိန် သူမရဲ့အမူအယာက သံသယရှိဖွယ် ဖြစ်နေပြီး နောက်ထပ်သတင်းအချက်အလက်တွေ ပေးဖို့ကိုလည်း သူမက ငြင်းဆန်ခဲ့ပါတယ်။

ရဲအရာရှိတွေ စောင့်ကြည့်ကင်မရာကို စစ်ဆေးချိန်မှာတော့ မစ္စဂျုလီယာက ဘာအိတ်မှ မလွယ်ထားပဲ ဟိုတယ်အပြင်ဘက်ကို လမ်းလျှောက်လာတာ မြင်ရပြီး သူမမှာ လက်ကိုင်ဖုန်းတလုံးပဲ ကိုင်ဆောင်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် သူမက ဟိုတယ်ဆီ ပြန်လာကာ လုယက်ခံခဲ့ရကြောင်း ဧည့်ကြိုကို သတင်းပို့ခဲ့တာပါ။

အဲ့ဒီနောက် ဧည့်ကြိုဝန်ထမ်းကို ရဲတိုင်ကြားပေးဖို့ အကူအညီတောင်းခဲ့ပြီး ရဲအရာရှိတွေ မစ္စဂျူလီယာနာကို နောက်ထပ်မေးခွန်းတွေ မေးဖို့ စခန်းခေါ်ချိန်မှာတော့ လိမ်လည်ပြီး အမှုဖွင့်ခဲ့တဲ့အကြောင်းကို ဝန်ခံခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။

ရဲတွေကတော့ သူမရဲ့အပြုအမူက ဖူးခက်ရဲ့ ခရီးသွားလာရေးလုပ်ငန်းရဲ့ လုံခြုံရေး နာမည်ဂုဏ်သတင်းကို ထိခိုက်စေနိုင်လို့ ဧပြီ ၁၁ ရက်နေ့ မနက် ၉ နာရီခွဲမှာ သတင်းအမှားပေးမှုနဲ့ တရားစွဲထားပြီး ဖူးခက်ခရိုင်တရားရုံးမှာ တရားရင်ဆိုင်ရလိမ့်မယ်လို့ ပြောပါတယ်။

အမှန်တကယ်က သူမရဲ့ပစ္စည်းတွေအားလုံးက ဟောင်ကောင်က သူငယ်ချင်းဆီမှာ ထားခဲ့တာဖြစ်ကြောင်း၊ ခိုးခံရတယ်လို့ လိမ်ညာခဲ့ရင် အာမခံကုမ္ပဏီတွေက အာမခံကြေးရနိုင်အောင် လုပ်ခဲ့တာလို့ မစ္စဂျူလီယာနာက ပြောကြောင်း ရဲတွေက ပြောပါတယ်။

ခရီးသွားဧည့်သည်တွေ နောက်ပိုင်း အခုလို လိမ်လည်အမှုမဖွင့်အောင် သင်ခန်းစာပေးတဲ့အနေနဲ့ ၂ နှစ်ထက်မကျော်တဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ်ငွေ ၄ ထောင် ထက်မကျော်တဲ့ ဒဏ်ငွေ ဒါမှမဟုတ် ၂ မျိုးစလုံး ကျခံရနိုင်တဲ့ သတင်းမှားယွင်းပေးမှု ရာဇဝတ်မှု ပုဒ်မ ၁၇၂ နဲ့ သူမကို တရားစွဲလိုက်တယ်လို့ ပတ္တယားဝမ်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

DVB

0 comments:

Post a Comment