Tuesday, July 3, 2018

ကွာတားဖိုင်နယ်မှာ စူပါစတား ဘရာဇီးနဲ့ ဒိတ်ဒိတ်ကြဲ ဘယ်လ်ဂျီယံတို့ ဆုံတွေ့ပြီ


၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ အသင်းအဆင့် ၆ ပွဲမြောက် ပွဲစဉ်အဖြစ် ဒီကနေ့ ဇူလိုင်လ ၃ ရက် နံနက် ၀၀ နာရီ ၃၀ မိနစ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ ဂျပန်ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းက ၃ ဂိုး ၂ ဂိုးနဲ့ ဂျပန်အသင်းကို အနိုင်ယူကျော်ဖြတ်ခဲ့တဲ့အတွက် ကွာတားဖိုင်နယ်အဆင့်မှာ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ထိပ်သီးအသင်း ၂ သင်းဖြစ်တဲ့ ဘရာဇီးနဲ့ ဘယ်လ်ဂျီယံတို့ ဆုံတွေ့ခဲ့ပြီ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံနဲ့ ဂျပန်ပွဲစဉ်မှာ ကစားသမားစုဖွဲ့မှုနဲ့ ခြေစွမ်းအရ အဖက်ဖက်ကသာလွန်နေတဲ့ ဘယ်လ်ဂျီယံအသင်းဟာ ခြေစွမ်းအတက်အကျများတဲ့ ဂျပန်ကို ဂိုးပြတ်အနိုင်ယူလိမ့်မယ်လို့ ဘောလုံးပရိတ်အများစု ခန့်မှန်းခဲ့ကြပေမယ့် တကယ်တမ်း ယှဉ်ပြိုင်ချိန်မှာတော့ ဂျပန်အသင်းက ပွဲချိန် ၄၈ မိနစ်မှာ ကွင်းလယ်လူ ဟာရာဂူချီက တကိုယ်တော် ထိုးဖောက်ကန်သွင်းပြီး အဖွင့်ဂိုးရယူခဲ့သလို ပွဲချိန် ၅၂ မိနစ်မှာ ကွင်းလယ်လူ အီနူရီက ၁၈ ကိုက်စည်းအပြင်ဘက်ကနေ အဝေးကစ်နဲ့ ဒုတိယဂိုးသွင်းယူခဲ့လို့ ဂျပန်အသင်း နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပြီး ဘယ်လ်ဂျီယံအသင်း တုန်လှုပ်သွားခဲ့ပါတယ်။

ဒါကြောင့် ရှုံးနိမ့်နေတဲ့ ဘယ်လ်ဂျီယံအသင်း အမြင့်ဘောတွေနဲ့ တိုက်စစ်ဆင်ခဲ့ရာမှာ နောက်ခံလူ ဗာတွန်ဂန်က ပွဲချိန် ၆၉ မိနစ်မှာ ခေါင်းတိုက်ပြီး ချေပဂိုးသွင်းခဲ့သလို ပွဲချိန် ၇၄ မိနစ်မှာ ကွင်းလယ်လူ ဖယ်လိုင်နီက ဒုတိယချေပဂိုးကို ခေါင်းတိုက်ပြီး သွင်းယူခဲ့ပါတယ်။ နှစ်ဂိုးစီသရေဖြစ်နေချိန် မိနစ် ၉၀ အရောက်မှာ ဘယ်လ်ဂျီယံအသင်း တန်ပြန်တိုက်စစ်ကနေတဆင့် ညာခြမ်းကထိုးဖောက်ပြီး ဂိုးရှေ့ဖြတ်ခင်းပေးတဲ့ဘောလုံးကို ကွင်းလယ်လူ ချဒ်လီက ပိတ်သွင်းပြီး အနိုင်ဂိုး သွင်းယူခဲ့တဲ့အတွက် ဘယ်လ်ဂျီယံအသင်း ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒါကြောင့် ၁၆ သင်းအဆင့် ပွဲစဉ် ၆ ပွဲကစားအပြီးမှာ ၂၀၁၄ ကမ္ဘာ့ဖလား ငွေတံဆိပ်ဆုရှင် အာဂျင်တီးနား၊ ယူရို ၂၀၁၆ ဥရောပ ချန်ပီယံ ပေါ်တူဂီ၊ ၂၀၁၀ ကမ္ဘာ့ချန်ပီယံ စပိန်၊ ဒိန်းမတ်၊ မက္ကဆီကိုနဲ့ ဂျပန်အသင်းတို့ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပြီး ပြင်သစ်၊ ဥရုဂွေး၊ အိမ်ရှင် ရုရှား၊ ခရိုအေးရှား၊ ဘရာဇီးနဲ့ ဘယ်လ်ဂျီယံတို့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ကွှာတားဖိုင်နယ်မှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ပြင်သစ်နဲ့ တောင်အမေရိက ထိပ်တန်းအသင်း ဥရုဂွေး၊ မာကျောကျစ်လစ်တဲ့ ကစားဟန်နဲ့ အိမ်ရှင်ပရိတ်သတ် အားပေးမှုနဲ့ အစွမ်းကုန်ရုန်းပြီး ကစားနေတဲ့ ရုရှားနဲ့ အတည်ငြိမ်ဆုံး ခြေစွမ်းတွေနဲ့ ပွဲစဉ်တိုင်းကို အနိုင်ယူထားတဲ့ ခရိုအေးရှား၊ ကစားသမားစုဖွဲ့မှုရော ခြေစွမ်းပိုင်းအရပါ အကောင်းဆုံး အနေအထားရှိနေတဲ့ ဒိတ်ဒိတ်ကြဲ ဘရာဇီးနဲ့ ဘယ်လ်ဂျီယံ အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အာဂျင်တီးနားလို ကမ္ဘာကျော်များစွာနဲ့ စုဖွဲ့ထားတဲ့ အသင်းကို ၄ ဂိုးသွင်းပြီး ကွာတားဖိုင်နယ် တက်လာတဲ့ ပြင်သစ်နဲ့ ကျောက်စိုင်လို မာကျောခက်ထန်တဲ့ ကစားဟန်နဲ့ ပြိုင်ဘက်အသင်းတိုင်းကို ဒုက္ခပေးနေတဲ့ ဥရုဂွေးတို့ရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်ဟာ စိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်။ ဂရဇ်မန်း၊ ဂီရော့ဒ်နဲ့ အမ်ဘက်ပေးတို့ တိုက်စစ်အတွဲကပဲ ဥရုဂွေး နောက်တန်းကို ကျော်ဖြတ်နိုင်မလား၊ ကမ္ဘာကျော် ဘာဆီလိုနာနဲ့ ပီအက်စ်ဂျီကလပ်အသင်း တိုက်စစ်မှူးတွေဖြစ်တဲ့ ဆွာရက်ဇ်နဲ့ ကာဗာနီတို့ကပဲ နာမည်ကြီးပြင်သစ်အသင်းကို ဒုက္ခပေးပြီး ကွာတားအဆင့်မှာ ဖြုတ်ချခဲ့မလား ရင်ခုန်စရာပါပဲ။

ဒါ့အပြင် စပိန်အသင်းလို အဖက်ဖက်က သာလွန်နေတဲ့ ကမ္ဘာ့ထိပ်တန်းအသင်းကို ကျားကုတ်ကျားခဲ အနိုင်ကစားထားတဲ့ အိမ်ရှင်ရုရှားနဲ့ ပြိုင်ဘက်တိုင်းကို အနိုင်ယူထားပြီး တည်ငြိမ်တဲ့ခြေစွမ်းနဲ့ ပြိုင်ပွဲအဆင့်တိုင်းကို ဖြတ်ကျော်နေတဲ့ ခရိုအေးရှားအသင်းတို့ရဲ့ ဆုံတွေ့မှုမှာ ဘယ်အသင်း ကျန်ခဲ့ပြီး ဆီမီးဖိုင်နယ် တက်သွားမလဲဆိုတာ စိတ်လှုပ်ရှားဖို့ ကောင်းနေပါတယ်။

ဘောလုံးကြယ်ပွင့်ကစားသမားများစွာနဲ့ ဖွဲ့စည်းထားပြီး အသင်းလိုက်စုဖွဲ့မှုအားကောင်းစွာနဲ့ ပြိုင်ဘက်တိုင်းကို အနိုင်ယူကျော်ဖြတ်နေတဲ့ စူပါစတား ဘရာဇီးအသင်းနဲ့ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ အတောင့်တင်းဆုံးအသင်း တစ်သင်းအဖြစ် တည်ရှိနေပြီး ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ကစားသမားတွေပိုင်ဆိုင်ထားတဲ့ ဒိတ်ဒိတ်ကြဲ ဘယ်လ်ဂျီယံအသင်းတို့ ကွာတားဖိုင်နယ်မှာ ဆုံတွေ့မှုကတော့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖို့ အကောင်းဆုံးနဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲစဉ်တပွဲကို ပရိတ်သတ်များ ရှုစားရဖို့ရှိနေပါတယ်။

ကွာတားဖိုင်နယ်အတွက် ကျန်ရှိနေတဲ့ နေရာ ၂ နေရာအတွက် ဒီကနေ့ ဇူလိုင်လ ၃ ရက် ည ၈ နာရီ ၃၀ မိနစ်မှာ ဆွီဒင်အသင်းနဲ့ ဆွဇ်ဇာလန်အသင်းတို့ ယှဉ်ပြိုင်မှာဖြစ်ပြီး ဇူလိုင် ၄ ရက် နံနက် ၀၀ နာရီ ၃၀ မိနစ်မှာ နာမည်ကြီး အင်္ဂလန်အသင်းနဲ့ တောင်အမေရိကတိုက်ရဲ့ ထိပ်သီးအသင်း ကိုလံဘီယာတို့ ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။

လက်ရှိ ၁၆ သင်းအဆင့်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားပြီးနောက် ဇူလိုင် ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ဘောလုံးပြိုင်ပွဲတွေ ခတ္တနားထားမှာဖြစ်ပြီး ဇူလိုင် ၆ ရက်နေ့မှာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဥရုဂွေးနဲ့ ပြင်သစ်၊ ဘရာဇီးနဲ့ ဘယ်လ်ဂျီယံ အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဧရာဝတီ

0 comments:

Post a Comment