ထိုင်းဂူအတွင်းမှာ ပိတ်မိနေတဲ့ ကျောင်းသား ၁၂ ဦး နဲ့ ၄င်းတို့ရဲ့နည်းပြဖြစ်သူတို့ကို ကယ်ထုတ်ရေး မစ်ရှင်လုပ်နေခဲ့တာ ယခုဆို နှစ်ရက်ရှိနေပြီဖြစ်ပြီး ကလေး ၈ ယောက် အပြင်ကို ရောက်နေပြီဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ ၅ ဦးကိုတော့ ယနေ့ အပြီးသတ် ကယ်ဆယ်သွားမယ်လို့ သိရပါတယ်။
ထိုကူညီကယ်ထုတ်ရေး မစ်ရှင်မှာပါဝင်တဲ့သူ အသီးသီးကို ဂုဏ်ပြုသောအားဖြင့် ထိုင်းပန်းချီ ဆရာ နှစ်ဦးပါဝင်တဲ့ Sisidea မှ ကာတွန်း ရေးဆွဲခဲ့ပါတယ်။ ယင်းကာတွန်းဟာ အဓိပ္ပါယ်များစွာပါဝင်နေပြီး Facebook စာမျက်နှာမှာ share လုပ်သူ ထောင်ကျော်ရှိခဲ့ပါတယ်။ Royal Thai Navy ရဲ့ Facebook ကလည်း တဆင့် ထပ်မံ share လိုက်ပြီးနောက် ဒီကာတွန်းပုံကို နာမည်ကြီး လူကြိုက်များ ခဲ့တာဖြစ်ပါတယ်။
ကာတွန်းထဲမှာ ကျဉ်းမြောင်းတဲ့ ဂူလမ်းကြောင်းမှ ကူးခတ်ထွက်လာတဲ့ တောဝက် ၁၃ ကောင်ကို မြောက်များစွာသော တိရစ္ဆာန်များက ခြံရံလိုက်ပါလာပုံ ရေးဆွဲထားတာဖြစ်ပြီး ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတွေကို ဂုဏ်ပြုရေးဆွဲထားခြင်းဖြစ်ကြောင်း သိရတယ်။ ထိုကာတွန်းမှာ SpaceX နဲ့ Tesla ရဲ့ CEO အီလွန်မာ့စ် ကို Iron Man အဖြစ်ထည့်သွင်းရေးဆွဲထားပါတယ်။
တောဝက် ၁၃ ကောင်မှာ အကြီးဆုံးက နည်းပြဖြစ်ပြီး ကျန် ၁၂ ကောင်မှာ ကလေးတွေအဖြစ် ကိုယ်စားပြုပါတယ်။ အဖြူရောင် ဆင်မှာ ကူညီကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင် နာရွန်ဆတ်ဖြစ်ပါတယ်။ အဖြူရောင် မြင်းကတော့ ကယ်ဆယ်ရေးမစ်ရှင်မှာ ပါဝင်ကူညီကြတဲ့ သူရဲကောင်းတွေကို ကိုယ်စားပြုတာပါ။
အဖြူရောင် ပင်လယ်ဖျံတွေကတော့ ထိုင်းရေတပ်ကို ကိုယ်စားပြုတာပါ။ ဖားတွေကတော့ ကယ်ဆယ်ရေးမစ်ရှင်မှ ရေငုပ်သမားတွေဖြစ်ပါတယ်။ အပြာရောင် ခြင်္သေ့ကတော့ ဗြိတိန် နဲ့ ဘယ်ဂျီယံမှ လာတဲ့ ကယ်ဆယ်ရေးအဖွဲ့ကို ဆိုလိုတာပါ။ သားပိုက်ကောင်လေးကတော့ သြစတြေးလျက လာတဲ့ အကူအညီဖြစ်ပါတယ်။ ပန်ဒါဝက်ဝံကတော့ တရုတ်ရဲ့ အကူအညီကို ကိုယ်စားပြုတာပါ။ ကြိုးကြာငှက်ကတော့ ဂျပန်မှ အကူအညီကို ကိုယ်စားပြုခြင်းဖြစ်ပါတယ်။ သမင် ကတော့ ဆွီဒင်ကအကူအညီပါ။ ကျားကတော့ မြန်မာနိုင်ငံက အကူအညီကို ကိုယ်စားပြုပါတယ်။ အညိုရောင် ဆင်ကတော့ လာအို ကိုယ်စားပြုတာပါ။ လင်းယုန်ကတော့ အမေရိကန် မှ အကူအညီတွေကို ကိုယ်စားပြုပါတယ်။
ပျံလွှားငှက်တွေကတော့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်တဲ့ ထိုင်းနိုင်ငံမှ တောင်တက်သမား တွေဖြစ်ပါတယ်။ ခွေးကတော့ site ကို စောင့်ကြည်ပေးတဲ့ K9 Unit ဖြစ်ပါတယ်။ နဂါးကတော့ ရေစုပ်ထုတ်ပေးတဲ့ အဖွဲ့ဖြစ်တယ်။ ဂူအစွန်းမှ ဂူပေါက်ကို မျက်နှာမူထားသည့် ငှက်လေးတွေကတော့ မီဒီယာတွေဖြစ်ပါတယ်။ ထိုအထဲမှ အနက်ရောင် ကျီးကန်းကတော့ မစ်ရှင် အပေါ်အပြစ်ရှာနေတဲ့ လူတွေကို ဆိုလိုတာလို့ သိရပါတယ်။
Aruni Aunhawarakorn နဲ့ Jantima Manasviyoungkul ညီအစ်မနှစ်ယောက်ဟာ Sisidea နောက်ကွယ်မှ ကာတွန်းဆရာမတွေဖြစ်ပါတယ်။ ကလေးတွေပျောက်သွားကတည်းက ကာတွန်းပန်းချီဆွဲဖို့စိတ်ကူးခဲ့ပေမယ့် တနင်္ဂနွေနေ့ ကယ်ထုတ်ရေးမစ်ရှင်စတင်ချိန်မှ စဆွဲဖြစ်ခဲ့တာလို့သိရပါတယ်။
မိုင် (အကုန်သိ သတင်းဌာန)
Ref: Thisis insider
0 comments:
Post a Comment