Sunday, July 1, 2018

တရုတ်၏အကြွေးထောင်ချောက်နှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း


မြန်မာအစိုးရက တရုတ်က ကျောထောက်နောက်ခံပြုပေးထားသော ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအား စတင်ရန် စိတ်အားထက်သန်နေပြီး မကြာမီ ဆုံးဖြတ်ချက်တစ်ခု ချလိမ့်မည်ဟု မျှော်လင့်ရကြောင်း ပြည်ထောင်စုဝန်ကြီးနှင့် လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောကြားခဲ့သည်။

ဦးသောင်းထွန်းက အကြွေးထောင်ချောက်တစ်ရပ်အား စိုးရိမ်ရသည်ဆိုခြင်းကို ပယ်ချခဲ့ပြီး ယင်းစီမံကိန်းသည် နှစ်ဦးနှစ်ဖက် အကျိုးရှိသော (win-win) သဘောတူညီချက် ဖြစ်လိမ့်မည်ဟု ယုံကြည်မှုရှိကြောင်းလည်း ပြောကြားခဲ့သည်။

“ဒီစီမံကိန်း လက်တွေ့အကောင်အထည် ဖော်တာကို ကျွန်တော်တို့ မြင်ချင်ပါတယ်” ဟု မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးသောင်းထွန်းက South China Morning Post သတင်းစာသို့ ဇွန် ၂၉ ရက်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ (တရုတ်နှင့် မြန်မာ) ဟာ စေ့စပ်ညှိနှိုင်းမှုတွေလုပ်နေပြီး လုပ်ငန်းစဉ်က ရှေ့ကိုသွားနေပါတယ်။ ဆုံးဖြတ်ချက်တစ်ရပ် မကြာခင် ကျလာမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ကုန်ကျစရိတ်များနှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းရန် ကမ်းလှမ်းထားမှု၌ ဆိပ်ကမ်းစီမံကိန်းကို မြန်မာနိုင်ငံက ပြန်လည်သုံးသပ်နေကြောင်း သတင်းများနောက်၌ ယခုကဲ့သို့ အာမခံချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အနောက်ပိုင်း၌ရှိသော ယင်းစီမံကိန်းသည် တရုတ်နိုင်ငံနှင့် အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ရာ၌ မဟာဗျူဟာအရ အရေးပါပြီး တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ်ဒေသဖြစ်သော အနောက်တောင်ပိုင်းပြည်နယ်များဆီသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ သယ်ဆောင်ပေးရာ အဆုံးသတ်နေရာ၌ တည်ရှိသည်။ ယင်းဆိပ်ကမ်းသည် မလက္ကာရေလက်ကြားကို ဖြတ်သန်းလျက် သင်္ဘောများ သွားလာရသောကြောင့် လိုအပ်သည့် လောင်စာပမာဏကို လျှော့ချပေးရာ၌လည်း အထောက်အကူပြုလိမ့်မည်ဖြစ်သည်။

နိုင်ငံပေါင်း ၆၅ နိုင်ငံကျော် ပါဝင်သည်အထိ ကျယ်ပြန့်သော တရုတ်က စိတ်အားထက်သန်နေသည့် OBOR စီမံကိန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ပြန်မဆပ်တော့နိုင်လောက်အောင် အကြွေးတင်သွားစေမည့် ထောင်ချောက်ထဲသို့ ဆွဲခေါ်နေခြင်းဖြစ်သည်ဟု ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

ယင်းကဲ့သို့သော ဝေဖန်မှုမျိုး၏ ပစ်မှတ်မှာ သီရိလင်္ကာနိုင်ငံရှိ ဟမ်ဘန်တိုတာဆိပ်ကမ်းဖြစ်ပြီး သီရိလင်္ကာအစိုးရက အကြွေးများကို လျှော့ချနိုင်ရန် သဘောတူညီချက် တစ်ရပ်အဖြစ် ယင်းဆိပ်ကမ်းအား လွန်ခဲ့သည့်နှစ်က ၉၉ နှစ် အငှားစာချုပ်တစ်ရပ်ဖြင့် China Merchants Port Holdings ကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့ရသည်။

ဦးသောင်းထွန်းက မြန်မာနိုင်ငံသည် ဟမ်ဘန်တိုတာဆိပ်ကမ်းကိစ္စကို သတိပြုမိကြောင်း၊ သို့သော် မြန်မာအစိုးရသည် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအား စီးပွားရေးအရနှင့် နိုင်ငံရေးအရ နိုင်ငံအတွက် အရေးကြီးသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

“သီရိလင်္ကာကိစ္စမှာ ဒီအကြောင်းအရာမျိုးရှိတာမို့ သူတို့ အခုအကြွေးကိစ္စကို အဖြေရှာရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် သူက OBOR ၌ ပါဝင်သော အခြားနိုင်ငံများအတွက် ယင်းကဲ့သို့သော အကြွေးထောင်ချောက်တစ်ရပ်မရှိဟု အခိုင်အမာ ပြောကြားခဲ့သည်။ သူက “သီရိလင်္ကာ ကိစ္စတောင်မှပဲ သိပ်မဆိုးလှပါဘူး” ဟုလည်း ပြောကြားခဲ့သည်။

“တရုတ်က လုပ်နေတာဟာ အိမ်နီးချင်း ကြွယ်ဝရေးမူဝါဒပါ။ ကျွန်တော်တို့ အပြည့်အ၀ ထောက်ခံသဘောတူပါတယ်” ဟုလည်း ဦးသောင်းထွန်းက ပြောကြားခဲ့သည်။

“တခြားနေရာတွေမှာ ဖြစ်ပျက်ခဲ့တာတွေကိုလည်း ကျွန်တော်တို့ သိပြီးပါပြီ။ ကျောက်ဖြူဆိပ်ကမ်းဟာ လုပ်နိုင်တဲ့ စီမံကိန်းတစ်ရပ်လားဆိုတာ သေချာအောင် ကျွန်တော်တို့ လုပ်ပါမယ်” ဟု ဦးသောင်းထွန်းက ပြောကြားခဲ့သည်။

“သတိထားဖို့နဲ့ အကြွေးထောင်ချောက်ထဲ ၀င်သွားမယ်ရယ်လို့ ပြောကြတဲ့လူတွေ ရှိပါတယ်။ ဒီကမ္ဘာကြီးမှာ လူတွေဟာ သူတို့ ကိုယ်ပိုင်အမြင်တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျောက်ဖြူနဲ့ပတ်သက်ပြီး ဘာဖြစ်မလဲ၊ မြန်မာနဲ့ တရုတ်အတွက် အပြန်အလှန် အကျိုးရှိတဲ့ အနေအထားဖြစ်မလားဆိုတာ ကျွန်တော်တို့ သေချာအောင် လုပ်ပါမယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

သူက စီမံကိန်းကို အဆင့်ဆင့် လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဒုတိယ၀န်ကြီးတစ်ဦးအား စီမံကိန်းအား ရှေ့ဆက်ရန် ခန့်အပ်ထားကြောင်း ပြောကြားခဲ့သည်။

အစောပိုင်းသတင်းများအရ အဆိုပါ စီမံကိန်းအတွက် ကနဦးကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ကိုးဘီလျံ ရှိမည်ဟု ခန့်မှန်းထားသည်။ တရုတ်နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော CITIC က စီမံကိန်း ကုန်ကျစရိတ် ရာခိုင်နှုန်း ၇၀ ကို ၎င်းတို့က ကျခံမည်ဖြစ်ကြောင်းနှင့် ကျန်စရိတ်များကို မြန်မာအစိုးရနှင့် ပြည်တွင်းကုမ္ပဏီများ ပါဝင်သည့် လုပ်ငန်းစုတစ်ရပ်က ခွဲဝေကျခံရမည်ဖြစ်ကြောင်း အဆိုပြုထားသည်။

အထူးသဖြင့် လွန်ခဲ့သည့် နှစ်နှစ်က အာဏာရလာပြီး ပြည်သူများ၏ မျှော်လင့်ချက်များ ပြည့်မီရေးအတွက် ထိရောက်သည့် အပြောင်းအလဲများကို ဆောင်ရွက်ရန် စိတ်အားထက်သန်နေသော မြန်မာအစိုးရအဖွဲ့သစ်အတွက် အခြေခံအဆောက်အအုံ ကွာဟချက်အား တံတားထိုးပေးမည့် ယင်းကဲ့သို့သော ပြောင်မြောက်သည့် စီမံကိန်းများ လိုအပ်သည်ဟုလည်း ဦးသောင်းထွန်းက ပြောကြားခဲ့သည်။

ဦးသောင်းထွန်းက မြန်မာနိုင်ငံမှ ဆန္ဒပြမှုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကြောင့် ယခင်အစိုးရအဖွဲ့က ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သော မြန်မာနိုင်ငံမြောက်ပိုင်းရှိ မြစ်ဆုံဆည်စီမံကိန်းကိစ္စကို ဖြေရှင်းရန် ဆွေးနွေးမှုများ ပြုလုပ်မည်ဟု အကောင်းမြင်ထားသည်။

တရုတ်အစိုးရနှင့် တရုတ်နိုင်ငံပိုင်မီဒီယာများက ယင်းစီမံကိန်းအား ပြန်လည်အသက်သွင်းရန် မြန်မာနိုင်ငံကို အကြိမ်ကြိမ် တောင်းဆိုထားသော်လည်း ဦးသောင်းထွန်းက ယူနန်ပြည်နယ်သည် ယခုအခါ လိုအပ်သည့်လျှပ်စစ် အလုံအလောက် ထုတ်လုပ်နိုင်ပြီ ဖြစ်သောကြောင့် ယင်းကိစ္စကို ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက မြစ်ဆုံဆည်ဟာ သိပ်ကို အလားအလာကောင်းတဲ့ စီမံကိန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ တရုတ်နိုင်ငံအနေနဲ့ မြစ်ဆုံဆည်ကနေ စွမ်းအင်မလိုအပ်တော့ပါဘူး။ တရုတ်က အဲဒီဆည်စီမံကိန်းကို ဆက်လုပ်ဖို့ အခိုင်အမာ ပြောနေတုန်းပဲလား ဆိုတာတော့ ကျွန်တော် မသေချာပါဘူး” ဦးသောင်းထွန်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကို မြန်မာနိုင်ငံ၏ နီးကပ်သော မိတ်ဆွေနှင့် အိမ်နီးချင်းဟု ဖော်ပြလျက် ဦးသောင်းထွန်းက ၎င်းတို့ နှစ်နိုင်ငံ အနေဖြင့် ယင်းကိစ္စကို ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့စဉ်အတွင်း တရုတ်နိုင်ငံခြားရေးဌာနက ၎င်းတို့၏ ရပ်တည်ချက်မှာ မပြောင်းလဲကြောင်း ပြောကြားခဲ့သော်လည်း ထိုစဉ်က မြန်မာနိုင်ငံ၏ သမ္မတဦးထင်ကျော်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ ကုန်ကျမည့် အငြင်းပွားဖွယ် မြစ်ဆုံစီမံကိန်းအား အခြားစီမံကိန်းများဖြင့် အစားထိုးနိုင်မည့် နည်းလမ်းများကိုသာ ရှာဖွေရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများအရ သိရသည်။

တရုတ်အစိုးရပိုင်မီဒီယာဖြစ်သော Global Times သတင်းဌာနက ယခုလအတွင်း ဆောင်းပါးတစ်ပုဒ်တွင် မြန်မာပြည်သူများ မကြိုက်သော မြစ်ဆုံစီမံကိန်းအား တရုတ်နိုင်ငံအနေဖြင့် လက်မလျှော့သင့်ကြောင်း ရေးသားခဲ့သောကြောင့် မြန်မာနိုင်ငံမှ မီဒီယာများက မျက်ခုံးပင့်ကြည့်ခဲ့ကြသည်။ (The Daily Eleven သတင်းစာက Global Times ကို တုံ့ပြန်သောအားဖြင့် မြစ်ဆုံဆည်စီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေးအတွက် အယ်ဒီတာ့ အာဘော်တစ်ရပ် ရေးသားခဲ့သည်)

လွန်ခဲ့သည့်နှစ်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ပေကျင်းမြို့သို့ ရောက်ရှိစဉ်က စတင်အဆိုပြုခဲ့သည့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးနှင့် ယူနန်ပြည်နယ်ကို ဆက်သွယ်ပေးမည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းကဲ့သို့သော တရုတ်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ပို၍အရေးကြီးသည့် ဦးစားပေးများအပေါ် မြန်မာနိုင်ငံက အာရုံစိုက်လိုကြောင်း ဦးသောင်းထွန်းက ပြောကြားခဲ့သည်။

သူက ရွှေလီနှင့် မန္တလေးကို ဆက်သွယ်ပေးမည့် ရထားလမ်းတစ်ရပ်ကို များမကြာမီ စတင်လိမ့်မည်ဖြစ်ပြီး ယင်းမှနေ၍ ရန်ကုန်နှင့် ကျောက်ဖြူသို့ ချဲ့ထွင်ဖွယ်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်းများ၏ လုံခြုံရေးနှင့်ပတ်သက်၍ မေးမြန်းရာတွင် ဦးသောင်းထွန်းက ကျောက်ဖြူဆိပ်ကမ်းသည် မြောက်ပိုင်းရှိအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာနေရာနှင့် ဝေးကွာကြောင်း ပြောကြားခဲ့သည်။

“လုံးဝ ဘေးကင်းလုံခြုံပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ပတ်သက်ပြီး အလုပ်လုပ်နေတဲ့ တရုတ်နည်းပညာရှင်တွေ ရှိနေပါတယ်။ သူတို့ အဲဒီမှာ နေကြပါတယ်။ အနာဂတ်ကာလမှာ တရုတ်ခရီးသွားတွေ ကျောက်ဖြူကို လာကြတာ မြင်လိုပါတယ်။ ကျောက်ဖြူမှာ လှပတဲ့ ကမ်းခြေတွေ ရှိပါတယ်” ဟု ဦးသောင်းထွန်းက ပြောကြားခဲ့သည်။

Ref: SCMP
နရီမင်း
Eleven Media Group

0 comments:

Post a Comment