Sunday, July 1, 2018

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး ရေသန့်စက်ရုံ တည်ဆောက်ရေးအတွက် ထိုင်းနှင့်မြန်မာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ငါးသန်းမြှုပ်နှံမည်ဟု သိရ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး ရေသန့်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ထိုင်းနှင့်မြန်မာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာငါးသန်း မြှုပ်နှံမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောကြားသည်။

လက်ရှိမှာတော့ ရေသန့်စက်ရုံ တည်ဆောက်မှုနေရာအား အကြိုစူးစမ်း လေ့လာခြင်းများအား လွန်ခဲ့သည့် တစ်လခန့်က လုပ်ဆောင်နေကြောင်း၊ ရေသန့်စက်ရုံ တည်ဆောက်မှုမှာ ရင်းနှီးမြှုပ်နှံမှုအဆင့် ရောက်ရှိခြင်း မရှိသေးကြောင်း တင်ပြလာမှု ပြည့်စုံပါက ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရင်းနှီးမြှုပ်နှံမှုပမာဏကတော့ အမေရိကန်ဒေါ်လာငါးသန်းပါ။ ထိုင်းနိုင်ငံကုမ္ပဏီ တစ်ခုနဲ့ မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်မှာပါ။ လောလောဆယ်ကတော့ ကုမ္ပဏီနာမည်တွေကို ပြောပြလို့မရသေးဘူး။ အဲဒီလက်ပံတောင်းတောင်ဒေသမှာ ရေသန့်စက်ရုံ တည်ဆောက်ဖို့အတွက် သူတို့က လွန်ခဲ့တဲ့ တစ်လကတည်းက ကြိုပြီးစူးစမ်း လေ့လာနေတာတွေရှိတယ်။ ရင်းနှီးမြှုပ်နှံစွမ်းကတော့ သူတို့လုပ်နေပြီ။ ရေသန့်စက်ရုံ တည်ဆောက်မယ့် မြေနေရာကလည်း မသိသေးဘူး” ဟု ဦးသန်းဇော်ဦးက ဆက်လက်ပြောကြားသည်။

မုံရွာအနီးတစ်ဝိုက်တွင် ရေသန့်ရရှိရန် လိုအပ်နေမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အနေဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာ ရေသန့်စက်ရုံ တည်ဆောက်မှု အစီအစဉ်အား အားပေးထောက်ခံကြောင်း တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောကြားသည်။

ထို့ပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ထွက်ရှိသည့် ကြေးနီများအား ကြေးနီသန့်စင်ရေး လုပ်ငန်းများနှင့် အဆင့်မြင့် ပိုက်ထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန် အဆိုပြုထားကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် နောက်ဆုံးအဆင့် ဆွေးနွေးတာမျိုး မပြုလုပ်ရသေးကြောင်း ဦးသန်းဇော်ဦး၏ ပြောပြချက်အရ သိရသည်။

ကောင်းခန့်လင်း (မုံရွာ)
Eleven Media Group

0 comments:

Post a Comment