Tuesday, July 3, 2018

အဂတိလိုက်စားမှုကြောင့် စီးပွားရေးနှင့်အုပ်ချုပ်ရေးပိုင်းတွင် ဆိုးရွားသည့် အကျိုးသက်ရောက်မှုဖြစ်ပေါ်ပြီး အဂတိလိုက်စားမှုကို စီးပွားရေးပိုင်းကလည်း ပြုပြင်ထိန်းကျောင်းသွားရန်လိုအပ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား


အဂတိလိုက်စားမှုကြောင့် စီးပွားရေးနှင့်  အုပ်ချုပ်ရေးပိုင်းတွင် ဆိုးရွားသည့် အကျိုးသက်ရောက်မှုများဖြစ်ပေါ်ပြီး အဂတိလိုက်စားမှုကို စီးပွားရေးပိုင်းကလည်း  ပြုပြင်ထိန်းကျောင်းသွားရန် လိုအပ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ဇူလိုင် ၂ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ပြုလုပ်သည့် အဂတိလိုက်စားမှု ဆန့်ကျင်ခြင်း ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အဂတိလိုက်စားမှုမှာ ကျွန်တော်တို့နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ ချိတ်ဆက်နေတယ်ဆိုတာ လုပ်ငန်းရှင်ကြီးများ အားလုံးအသိပဲ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုကြောင့်မို့လို့ စီးပွားရေးမှာရော၊ အုပ်ချုပ်ရေးပိုင်းမှာရော ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်ပါတယ်။ စီးပွားရေးပိုင်းကို ကျွန်တော်တို့ကြည့်မယ်ဆိုရင်လည်း အဂတိလိုက်စားမှု မြင့်မားလာလေလေ စီးပွားရေးဖွံ့ဖြိုးမှု ကျဆင်းလေလေ။ အဲဒီတော့ ၀င်ငွေကွာဟချက် ကြီးမားလာလေလေ။ ဆင်းရဲနွမ်းပါးမှု ကြီးထွားလေလေ။ ဒီလိုဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ အဂတိလိုက်စားမှုကို စီးပွားရေးပိုင်းကလည်း ပြုပြင်ထိန်းကျောင်းသွားဖို့လိုအပ်သလို အုပ်ချုပ်ရေးကဏ္ဍမှာကြည့်မယ်ဆိုလို့ ရှိရင်လည်းပဲ အဂတိလိုက်စားမှုမြင့်မားလေလေ အုပ်ချုပ်မှု စွမ်းရည်ကျဆင်းလေလေ။ အုပ်ချုပ်မှုစွမ်းရည် ကျဆင်းလေလေ မျှဝေမှု၊ ခွဲဝေမှု ပြည်သူ့ဘဏ္ဍာခွဲဝေမှု မမျှမတဖြစ်လေ ဆင်းရဲနွမ်းပါးမှုဟာ ကြီးထွားလေ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ အခုတစ်လောမှာ နိုင်ငံရဲ့ဆင်းရဲနွမ်းပါးမှုကို ထိခိုက်စေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ ဒီအဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နိုင်ငံရေး စိတ်စေတနာပြည့်ဝစွာဖြင့် အင်တိုက်အားတိုက် ကော်မရှင်အနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းစဉ်ကို ချမှတ်ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်သမ္မတ၏လမ်း ညွှန်ချက်ဖြင့် အဂတိလိုက်စားမှုကို ပိုမိုထိရောက်အောင် ဆောင်ရွက်သွားရန်ဆိုသည့် လမ်းညွှန်ချက်များရှိကြောင်း၊ ယင်းလမ်းညွှန်ချက်အရ တစ်ဆင့်ပြီးတစ်ဆင့် ကော်မရှင်အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးအောင်ကြည်က ဆိုသည်။

ထို့အတူ ကျော်စောသတင်းနှင့်ပတ်သက်၍လည်း အဂတိလိုက်စားကြောင်း ကျော်စောသတင်း ပျံ့နှံ့ပြီး သင်္ကာမကင်းဖွယ် အခြေအနေရှိပါက အဂတိလိုက်စားမှုနှင့် ငြိစွန်းနိုင်သည်ဟု ကော်မရှင်က ဆုံးဖြတ်ပြီး ၎င်းကို ကျော်စောသတင်းအဖြစ် ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ဝင် သုံးပုံနှစ်ပုံ၏ ထောက်ခံမှုဖြင့် ဆုံးဖြတ်မည်ဖြစ်ပြီး ကျော်စောသတင်းအဖြစ် သတ်မှတ်ပါက ၎င်းကို သတင်းပေးချက်အဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ရှင်းလင်းပြောကြားသည်။

ထို့ပြင် အဆိုပါအခမ်းအနား၌ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “ပြည်တွင်းမှာရှိနေကြတဲ့ စီးပွားရေးလုပ်ငန်းများဟာ အဂတိလိုက်စားမှုပါဝင်ခြင်းမရှိကြဘဲ အဂတိလိုက်စားမှုကို နားလည်ပြီး ရှောင်ကြဉ်ကြရန် လိုအပ်ပါတယ်။ ဒါမှလည်း မိမိတို့နိုင်ငံ စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ပေါ်ထွန်းလာပြီးတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း မိမိတို့ရဲ့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး အကျိုးတူပူးပေါင်းဆောင်ရွက်လာကြမှာ ဖြစ်ပါတယ်” ဟု  ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် အဂတိလိုက်စားမှု ဆန့်ကျင်ခြင်း ပူးတွဲကြေညာချက်ကို ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌဦးဇော်မင်းဝင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

မျိုးမင်းထက်၊ ချမ်းဝေစိုး
Eleven Media Group

0 comments:

Post a Comment