Tuesday, July 3, 2018

အနောက်နိုင်ငံများမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသော်လည်းရခိုင်အရေးကြောင့် တွန့်ဆုတ်မှုများရှိနေဟုဆို


အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ဝင်စားကြသော်လည်း ရခိုင်ပြည်နယ်အရေးကြောင့် ဆုံးဖြတ်ချက်ချရန် တွန့်ဆုတ်နေကြောင်းရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးပြောပြချက်အရသိရသည်။

မြန်မာနိုင်ငံအတွင်းစီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန်လာရောက်လေ့လာသည့် ဧည့်သည်အရေအတွက်မှာ ယခင်နှစ်ဖြင့်နှိုင်းယှဉ်လျှင် ယခုနှစ်တွင်ပိုမိုများပြားနေသော်လည်းအရှေ့နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း ပမာဏမှာကျဆင်းမှုမရှိဘဲအနောက်နိုင်ငံများသည် လာရောက်လေ့လာကြရှိသော်လည်း ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းနည်းပါးနေကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းလုပ်ချင်လို့ လာရောက်စုံစမ်းတဲ့ ဧည့်သည်တွေ မနှစ်ကနဲ့ ယှဉ်လိုက်ရင် ဒီနှစ်ကတောင် များတောင်များလာသေးတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကိုတကယ်လာလုပ်ဖို့ကနိုင်ငံရေးနဲ့ ပတ်သက်တဲ့ တခြားကန့်သတ်ချက်တွေ ရှိနေတာပေါ့။ ဥပမာအားဖြင့် ဥရောပနိုင်ငံတွေက မြန်မာနိုင်ငံကို လာပြီးလုပ်ဖို့ဆိုရင် ရခိုင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သူတို့မှာဒါကိုတိတိပပဆုံးဖြတ်ချက်ချဖို့ မဖြစ်နိုင်သေးဘူးပေါ့။ သူတို့ ဒါကိုစောင့်ကြည့်ဦးမယ်ဆိုတာတွေပေါ့။ စိတ်ဝင်စားမှုမကျဘူး။ တချို့လည်း ဒါကတိုင်းပြည်အတွင်းမှာ ဖြစ်တဲ့ကိစ္စ။ စီးပွားရေးနဲ့ မဆိုင်ဘူးဆိုပြီးလာလုပ်ကြတဲ့ နိုင်ငံတွေလည်း ရှိသေးတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအခြေအနေမှာပထမအများဆုံးအဖြစ် တရုတ်နိုင်ငံမှ လည်းကောင်း၊ ဒုတိယအများဆုံးအဖြစ် စင်ကာပူနိုင်ငံမှလည်းကောင်း၊ တတိယအများဆုံးအဖြစ် ထိုင်းနိုင်ငံမှလည်းကောင်းဝင်ရောက်ထားကြောင်းသိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် (MIC) တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရင်းနှီးမြှုပ်နှံမှုတိုးမြင့် ဝင်ရောက်လာစေရန် သက်ဆိုင်ရာဝန်ထမ်းများ၊ လုပ်ငန်းရှင်များအားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ပတ်သက်ပြီး ကွင်းဆင်းကာ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတွေ့ဆုံပွဲများ ပြုလုပ်ပေးနေကြောင်း သိရသည်။

သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment