Sunday, July 1, 2018

တောင်သူ ၁၅၀ ခန့် ရန်ကုန်မြို့လယ်တွင် ဆန္ဒပြ


မြေယာအငြင်းပွားမှုရင်ဆိုင်နေရသည့် တောင်သူ ၁၅၀ ဦး၏နစ်နာမှုကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တွေ့ဆုံညှိနှိုင်းမှု မပြုလုပ်ခဲ့ဟုဆိုကာ ရန်ကုန်မြို့ပေါ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဇူလိုင် ၁ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

မြေယာအငြင်းပွားမှု ရင်ဆိုင်နေရသည့် တောင်သူများသည် ပန်းဆိုးတန်းဆိပ်ကမ်းမှ မဟာဗန္ဓုလပန်းခြံရှေ့အထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စကို တွေ့ဆုံအဖြေရှာပေးဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အကြောင်းကြားတယ်။ အကြောင်းမပြန်ဘူး။ ဝန်ကြီးချုပ်နဲ့တွေ့ဖို့ စာတင်ကတည်းက ညှိနှိုင်းမပေးရင် ဆန္ဒပြမယ်ဆိုတာကို အသိပေးပြီးသားပါ”ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးက ပြောကြားသည်။ 

လယ်သမား ၁၅၀ ဦးပိုင်ဆိုင်သည့် မြေဧက ၁၅၀ ခန့်သည် အငြင်းပွားမှုဖြစ်နေသည့်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံညှိနှိုင်းခွင့်ပေးရန် ဇွန်လ ၂၅ ရက်နေ့က အကြောင်းကြားစာပေးပို့ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေနှင့်မညီဘဲ သိမ်းဆည်းထားသော လယ်မြေများကို မှုလပိုင်ရှင်ထံ အမြန်ဆုံးပြန်လည်အပ်နှံရေးနှင့် လယ်ယာမြေစိစစ်ရေးကော်မတီကို အရေးယူပေးရန် ဆန္ဒပြတောင်သူများက ကြွေးကြော်ခဲ့ကြသည်။

မြေယာအငြင်းပွားမှုများနှင့် ရင်ဆိုင်နေရသည့် တောင်သူလယ်သမားများ၊ ပြည်သူများ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂများပူးပေါင်း၍ ဇွန်လ ၃၀ ရက်နှင့် ဇူလိုင် ၁ ရက်နေ့တို့၌ ကော့မှူး၊ ဒလ၊ တွံတေးနှင့် ကျောက်တံတားမြို့နယ်တို့တွင် ဆန္ဒဖော်ထုတ်မည်ကို ခွင့်ပြုမိန့်တင်ထားကြောင်း ဒေါ်စုစုနွေးက ထပ်မံပြောကြားသည်။

မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂကို ၂၀၁၂ ခုနှစ် ဇူလိုင် ၂၁ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြေယာအငြင်းပွားမှုများကို ဖြေရှင်းပေးခဲ့ရာတွင် နှစ်စဉ်တိုင်းတွင် နစ်နာသူလယ်သမားများ၏ ဧကတစ်ထောင်ခန့် ပြန်လည်ရရှိခဲ့သည်ဟုလည်း ၎င်းက ပြောဆိုသည်။

လယ်ယာမြေ အငြင်းပွားမှုများနှင့် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရန် ဦးဆောင်ဆန္ဒထုတ်ဖော်သူ သုံးဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ဆိပ်ကမ်းမြို့မရဲစခန်းတွင် ဇူလိုင်လ ၁ ရက် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်က အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

“ဆိပ်ကမ်းမြို့နယ်က လုံခြုံရေးအရ ခွင့်ပြချက်ပေးလို့မရတဲ့ နေရာဖြစ်နေတယ်။ ခွင့်ပြုချက်မပေးဘူးဆိုတာလဲ ပြောပြတယ်။ ဒါပေမဲ့သူတို့က ဆက်လုပ်တယ်။ ခွင့်ပြုချက်ပေးတာက တာမွေဟစ်တိုင်မှာ သွားလုပ်ဖို့၊ ဒါပေမဲ့ သူတို့က ဒီမှာပဲ ဆက်လုပ်ခဲ့တာ။ ကျန်တဲ့မြို့နယ်တွေက ခွင့်ပြုချက်ရပြီးသား၊ ရန်ကုန်တိုင်းမှာ ခွင့်ပြုချက်ပေးလို့မရတဲ့ မြို့နယ် ၁၁ ခုရှိ တယ်၊ အခုသူတို့ လုပ်သွားတဲ့ဆိပ်ကမ်းနဲ့ ကျောက်တံတားက ခွင့်ပြုပေးလို့မရတဲ့ မြို့နယ်တွေဖြစ်နေတာ။ ဆိပ်ကမ်းက စတဲ့နေရာဖြစ်တဲ့အတွက် ဆိပ်ကမ်းမှာပဲ အမှုဖွင့်ရတာ၊ ကျောက်တံတားမှာက ဖွင့်စရာမလိုဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂကို တိုင်ကြားထားသည့်အမှုများ အရ တပ်သိမ်းမြေများ၊ မြေစာရင်းနှင့်ပေါင်း၍ စီးပွားရေးလုပ်ငန်းရှင်များက သိမ်းဆည်း မြေများ၊ ကုမ္ပဏီနှင့် အစိုးရ အကျိုးတူ ပူးပေါင်း၍ စီမံကိန်းများအတွက်ဟုဆို ကာ သိမ်းဆည်းခဲ့သောမြေဧက သုံးသောင်း ခန့်ရှိသည်ဟု ဒေါ်စုစုနွေးထံမှ သိရသည်။ 

The Voice

0 comments:

Post a Comment