Sunday, July 1, 2018

ဇူလိုင်လအတွင်း မြစ်ကြီး ၁၂ ခုသည် စိုးရိမ်ရေမှတ် အသီးသီးသို့ ကျော်လွန်နိုင်



ယခုလအတွင်း မြစ်ကြီး ၁၂ ခုသည် စိုးရိမ်ရေမှတ် အသီးသီးသို့ ကျော်လွန်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လပတ် ဇလဗေဒခန့်မှန်းချက်အရ သိရသည်။

ဇူလိုင်လအတွင်း ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြိုနှင့် မုံရွာမြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေသည် ပြင်သာတွင် တစ်ကြိမ်ခန့်၊ ဒုဋ္ဌ၀တီမြစ်ရေသည် မြစ်ငယ်မြို့တွင် တစ်ကြိမ်ခန့် စိုးရိမ်ရေမှတ်သို့ ကျော်လွန်နိုင်ကြောင်း သိရသည်။

ထို့ပြင် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် တစ်ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် တစ်ကြိမ်ခန့်၊ င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ကြိမ်ခန့်၊ ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် တစ်ကြိမ်ခန့်နှင့် လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် တစ်ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နိုင်ကြောင်း သိရသည်။

“ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ရင် မိုးပိုနိုင်တယ်။ ရခိုင်၊ ချင်း၊ စစ်ကိုင်းအထက်ပိုင်းတို့မှာ မိုးပိုပြီးတော့ ချင်းတွင်းမြစ်ရေကြီးနိုင်တယ်” ဟု မိုးလေ၀သပညာရှင် ဦးချစ်ကျော်က ဆိုသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မိုးလယ်ကာလ မိုးလေ၀သ ခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနိုင်ပြီး မိုးလယ်ကာလတွင် မုတ်သုံလေအားပြတ်ခြင်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ထို့ပြင် မိုးလယ်ကာလအတွင်း မိုးရွာသွန်းမှု အခြေအနေသည် ကချင်ပြည်နယ်တွင် ရွာသွန်းမြဲအောက်လျော့ပြီး မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲထက်ပိုကာ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇွန်လပထမပတ်ခန့်မှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တိုင်းဒေသကြီး ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ဇွန် ၁၉ ရက်အထိ စာရင်းများအရ လူဦးရေ ၄၄၀၀၀ ခန့် ရေဘေးဒဏ် ခံစားခဲ့ရပြီး လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဆန်းထူးအောင်
Eleven Media Group

0 comments:

Post a Comment