Tuesday, July 3, 2018

ကမ္ဘာ့အနေပျော်ဆုံးမြို့တော်များ အဆင့်သတ်မှတ်ချက်တွင် မြူးနစ် ထိပ်ဆုံးတွင်ရပ်တည်၊ ဘာလင်နှင့်ဟမ်းဘတ်တို့ ထိပ်သီး ၁၀ စာရင်းဝင်


ဗြိတိန် မိုနိုကယ်မဂ္ဂဇင်းက နှစ်စဉ် အဆင့်သတ်မှတ်ချက် ထုတ်ပြန်သော ကမ္ဘာ့အနေပျော်ဆုံး မြို့တော်များစာရင်းတွင် မြူးနစ်က ထိပ်ဆုံးမှရပ်တည်ခဲ့ပြီး တိုကျိုက ဒုတိယနေရာရရှိကာ ဘာလင်နှင့် ဟမ်းဘတ်က အဆင့် ၁၀ အတွင်းနှင့် ဒူဆယ်ဒေါ့ဖ်က အဆင့် ၂၅ အတွင်း ဝင်ခဲ့သည်ဟု DW သတင်းတွင် ဖော်ပြသည်။

ထိပ်သီး ၂၅ နေရာအတွင်း အမေရိကမှ တစ်မြို့မှပါဝင်ခြင်းမရှိဘဲ မြောက်အမေရိကမှ ဗန်ကူးဗားတစ်မြို့သာ စာရင်းဝင်ခဲ့သည်။

ဘာဗေးရီးယန်းမြို့တော် မြူးနစ်သည် နေထိုင်စရိတ် ကြီးသော်လည်း စီးပွားရေး ဖွံ့ဖြိုးမှု၊ ယဉ်ကျေးမှုကို သိရှိနားလည်သော သဘာဝ နီးစပ်မှုတို့ကြောင့် မြို့သူမြို့သားများသည် ကုန်ကျငွေနှင့် ထိုက်တန်သော တန်ဖိုးကိုရရှိကြသည်ဟု ဆန်းစစ်သူများက မှတ်ချက်ပေးထားသည်။

ထို့ပြင် မြူးနစ်၏ ရေနွေးစိမ်ကန်များပါသော အများသုံး ရေကူးကန်များသည် ပထမတန်းစား ပုဂ္ဂလိက အားကစားခန်းမများမှာပင် မရနိုင်သော ခံစားမှုကို ရရှိစေသည်ဟု သုံးသပ်ထားသည်။

လူဦးရေ ၁ ဒသမ ၅ သန်းနေထိုင် သော မြူးနစ်သည် အလုပ်လက်မဲ့နှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး အခြားမြို့တော်များနှင့် ကွဲပြားစွာပင် လူငယ်များအကြားတွင် အဆိုပါနှုန်းသည် ပို၍ပင် လျော့နည်းနေသည်။ မြို့၏စီးပွားရေးသည် မော်တော်ကား ထုတ်လုပ်မှု၊ စက်ယန္တရား တပ်ဆင်မှု၊ အိုင်တီနှင့် ဇီဝနည်းပညာကဏ္ဍများအပေါ်တွင် မှီခိုနေသည်။

မြူးနစ်၏နောက်တွင် တိုကျိုက အဆင့် ၂ နှင့် ဗီယင်နာက အဆင့် ၃ တွင် အသီးသီး ရပ်တည်နေသည်။ တိုကျိုသည် ၂၀၂၀ အိုလံပစ်ပွဲအတွက် ပြင်ဆင်နေမှုကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးနေသည်ဟု အကဲခတ်များက သုံးသပ်ထားသည်။

လူဦးရေ ၉ ဒသမ ၅ သန်း နေထိုင်သော တိုကျိုသည် အစားအသောက်၊ လက်လီအရောင်း၊ သယ်ယူပို့ဆောင်ရေးနှင့် အလုံးစုံစနစ်ကျ ထိရောက်မှုတို့ကြောင့် ထိပ်တန်း အမှတ်များရရှိခဲ့သည်ဟု မှတ်ချက်အရ သိရှိရသည်။

ဗီယင်နာသည် လက်လီအရောင်း အချိန်နာရီ ကန့်သတ်ချက်ကြောင့် ပြစ်တင်ဝေဖန်ခံရသော်လည်း ရှေးကျခမ်းနားသော အလှ၊ စရိတ်မထောင်းသော ငှားရမ်းခများ၊ အကောင်းဆုံး သယ်ယူပို့ဆောင်မှု၊ အစားအစာနှင့် ယဉ်ကျေးမှု ပုံစံတို့ကြောင့် ချီးကျူး ခြင်းခံရသည်။

ဇူးရစ်ခ်ျက လေးဆင့်ခုန်ကာ အဆင့် ၄ နေရာနှင့် ကိုပင်ဟေဂင်က တစ်ဆင့်ခုန်ကာ အဆင့် ၅ နေရာကို အသီးသီး ရရှိခဲ့ကြသည်။ မနှစ်က မြူးနစ်နှင့် ဘာလင်တို့ အဆင့် ၃ နေရာကို ပူးတွဲရခဲ့သော်လည်း ယခုနှစ်တွင် မြူးနစ်က ထိပ်ဆုံးသို့တက်လာကာ ဘာလင်က အဆင့် ၆ သို့ ချော်ကျသွားခဲ့သည်။ ဘာလင်သည် များစွာ လိုအပ်နေသော လေဆိပ်သစ်ကို စရိတ်ထောင်းမှုနှင့် စီမံခန့်ခွဲမှုအလွဲများကြောင့် ရွှေ့ဆိုင်းထားရပြီး ၂၀၁၁ တွင်ဖွင့်ရန် မျှော်မှန်းခဲ့သော်လည်း ယခုအခါ ၂၀၁၉ ထက်စော၍ ဖွင့်ရန် မမျှော်လင့်နိုင်တော့ပေ။

စပိန်၏ မက်ဒရစ်က သုံးဆင့်ခုန်ကာ အဆင့် ၇ နှင့် ဂျာမနီ ဟမ်းဘတ်က တစ်ထစ်တက်ကာ အဆင့် ၈ အသီးသီး ရရှိခဲ့သည်။ ဩစတြေးလျ၏ မဲလ်ဘုန်းနှင့် ဖင်လန်၏ ဟယ်လ်ဆင်ကီတို့မှာမူ ယခုနှစ် ထိပ်သီး ၁၀ နေရာအတွင်း မဝင်နိုင်ခဲ့ပေ။ သဘာဝအလှကြောင့် နာမည်ကျော်သော ကနေဒါ၏ဗန်ကူးဗားမှာ အဆင့် ၁၅ နေရာကို ရရှိခဲ့သည်။

The Voice

0 comments:

Post a Comment