Tuesday, July 3, 2018

ရန်ကုန်တက္ကသိုလ်ဝင်ခွင့် ပါမောက္ခဌာနမှူးများဦးဆောင်၍ လူတွေ့စစ်မည်

ယခုနှစ်အတွက် ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရရှိသူများရွေးချယ်ရာတွင် လူတွေ့စစ်ဆေးမှုကို အထူးပြုဘာသာရပ်အလိုက် သက်ဆိုင်ရာ ပါမောက္ခဌာနမှူးများ ဦးဆောင်၍ အနည်းဆုံး ဆရာ၊ ဆရာမ ငါးဦးပါဝင်ဖွဲ့စည်း စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ထံမှ သိရှိရသည်။

ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ပါမောက္ခဌာနမှူး ဒေါက်တာမိုမိုသန့်က “ကလေးက ဒီဘာသာရပ်ကို ဘာလို့ တက်ချင်တာလဲ၊ ဘယ်လောက်စိတ်ဝင်စားလဲဆိုတာမေးမှာ။ အထွေထွေ ဗဟုသုတတွေ ဆယ်တန်းမှာဖြေပြီးသား စာတွေကို မေးမှာမဟုတ်ဘူး။ သူဖြေတဲ့ ပေါ်မှာမူတည်ပြီး သူ့ရဲ့ Knowledge ကို မေးချင်မေးမယ်။ အဲဒါမေးပြီးရင် နောက်ထပ် ကလေးအကြောင်းလေ့လာပြီးမှ ဝင်ခွင့်ပေးမှာပေါ့” ဟု ပြောကြားသည်။

ယခုနှစ်အတွက် အဆင့်မြင့်ပညာဦးစီးဌာနအနေနှင့် တက္ကသိုလ် ၁၁ ခုကို တိုက်ရိုက်ဝင်ခွင့်လျှောက်ထားခွင့်ပြုခဲ့ရာ ရန်ကုန်တက္ကသိုလ်ဝင်ခွင့်အတွက် ကျောင်းသားတစ်ဦးကို အထူးပြုဘာသာရပ် ၃ ခု လျှောက်ခွင့်ရရှိပြီး ၎င်းလျှောက်ထားသည့် အထူးပြုဘာသာရပ်အလိုက် လူတွေ့စစ်ဆေးမှု ၃ ကြိမ်ပြုလုပ်မည်ဖြစ်သည်။

ဇူလိုင်လ ၂၃ ရက်တွင် ပထမလျှောက်ထားသည့်အထူးပြုဘာသာရပ်၊ ဇူလိုင်လ ၂၅ ရက်တွင် ဒုတိယလျှောက်ထားသည့် အထူးပြုဘာသာရပ်နှင့် ဇူလိုင်လ ၃၀ ရက်တွင် တတိယလျှောက်ထားသည့် အထူးပြုဘာသာရပ်များကို စစ်ဆေးမည်ဖြစ်ကာ ဝင်ခွင့်ရရှိသူများကို ဩဂုတ်လ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ် တာဝန်ရှိသူတစ်ဦးက “ဘာသာအလိုက်ကို သူ့ပါမောက္ခဌာနမှူးက သူစစ်ဆေးမယ့်အဖွဲ့ကို စီစဉ်ပြီး စစ်ဆေးမှာပါ။ ကျောင်းသားလာလျှောက်တဲ့အင်အားပေါ်မှာကြည့်ပြီးတော့ ဆရာဘယ်နှဦးဖွဲ့စည်းပြီး စစ်ဆေးမယ်ဆိုတာက ပါမောက္ခဌာနမှူးတွေကို လုပ်ပိုင်ခွင့်ပေးထားတယ်” ဟု ပြောကြားသည်။

ရန်ကုန်တက္ကသိုလ်အနေနှင့် ယခုနှစ်တွင် ဘာသာရပ်အားလုံးအတွက် ကျောင်းသား၊ ကျောင်းသူ ၂၁၀၀ ဦးကျော် လက်ခံမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်လွှာများကို ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၁၅ ရက်ထိ ပိတ်ရက်မရှိ လက်ခံနေခြင်းဖြစ်သည်။

လျှောက်လွှာစတင်လက်ခံသည့် နေ့မှ ဇူလိုင်လ ၁ ရက်ထိ စာရင်းအရ ဝင်ခွင့်လျှောက်ထားသည့်ကျောင်းသား၊ ကျောင်းသူ ၁၃၀၀ ဦးကျော်သာရှိသေးကာ မြန်မာမှု၊ ပထဝီဝင်နှင့် သမိုင်းအထူးပြုလျှောက်ထားသူ ၁၀ ဦးအောက်လျော့နည်းနေသေးကြောင်း ရန်ကုန်တက္ကသိုလ်ထံမှ သိရှိရသည်။

ဝင်ခွင့်လျှောက်လွှာလက်ခံသည့် နောက်ဆုံးနေ့တွင် သတ်မှတ်ဦးရေ မပြည့်မီပါက ပါမောက္ခဌာနမှူးများမှ တစ်ဆင့်ပါမောက္ခချုပ်၏ လမ်းညွှန်မှုဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။

The Voice

0 comments:

Post a Comment