ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့က တောဝက် အကယ်ဒမီ ဘောလုံးအသင်းဝင် လူငယ် ၁၃ ဦး ပိတ်မိခဲ့တဲ့ ခွန်နမ့်ဒွိုင်နန်းနွန်းဂူကြီးကို ပြတိုက်အဖြစ်ဖွင့်လှစ်ဖို့ ထိုင်းအမျိုးသား အနုပညာရှင်အဖြစ် အသိမှတ်ပြုခံထားရတဲ့ ပန်းချီပန်းပုဆရာ ခလိုမ်ချိုင်း ချိုးဆစ်တဖိဖတ်က ပြောပါတယ်။
လူငယ် ၁၃ ဦး ကယ်ဆယ်ရေးလုပ်ငန်း ပြီးဆုံးသွားလို့ ပစ္စည်းပစ္စယတွေ သိမ်းဆည်းနေချိန်မှာ ဆရာချလိုမ်ချိုင်းနဲ့ ချင်းရိုင် အနုပညာရှင် အသင်းဝင်တွေဟာ ဒွိုင်နန်းနွန်းဂူအနီး ရောက်လာပြီး ဒီကယ်ဆယ်ရေးလုပ်ငန်းပေါ် အရမ်းကို ကျေနပ်အားရမိကြောင်း၊ ထိုင်းတမျိုးသားလုံး စည်းလုံးညီညွတ်မှုကြောင့် အခက်အခဲတွေကို ကျော်လွှားအောင်မြင်နိုင်တဲ့ ဒီနေရာ၊ တန်ဖိုးရှိတဲ့ ဒီနေရာမှာ အထိမ်းအမှတ် ပြတိုက်တခု ဖွင့်လှစ်ဖို့ သူက အကြံပြုပါတယ်။
သူ့အနေနဲ့လည်း ဒီဂူကြီးထဲမှာ အများအကျိုးအတွက် အသက်စွန့်သွားခဲ့ရသူ ထိုင်းတော်ဝင်ရေတပ် တပ်ဖွဲ့ဝင်ဟောင်း တပ်ကြပ်ကြီး ဆနမ်ကူနန် ခေါ် ဆဲမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ ပုံတူရုပ်တုကြီးတခုကို ထုဆစ်သွားမယ်လို့ ဆရာချလိုမ်ချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီရုပ်တုမှာ လူအစစ်ထက် ၂ ဆ ကြီးမားပြီး ဒီ ဒွိုင်နန်းနွန်းလိုဏ်ဂူကြီးထဲမှာ ထားဖို့ ရည်ရွယ်ကြောင်း၊ ဒါ့အပြင် ဂူထဲပိတ်မိခဲ့တဲ့ လူငယ် ၁၃ ဦးရဲ့ ပုံတူနဲ့ ကယ်ဆယ်ရေးလုပ်နေပုံ၊ နိုင်ငံခြားသားတွေပါ လာရောက်ကူညီနေတဲ့ ပုံတွေကို သရုပ်ဖော်ထားတဲ့ ပန်းချီကားချပ် တချပ်လည်း ရေးဆွဲမယ်လို့ ဆိုပါတယ်။
လူငယ် ၁၃ ဦး အထိမ်းအမှတ်အနေနဲ့ ရေးဆွဲမယ့် အဲဒီ့ပန်းချီကားဟာ အလျား ၁၃ မီတာရှည်ပြီး အနံ ၃ မီတာကျယ်ကြောင်း၊ အခု ပုံကြမ်းစဖော်နေပြီး နောက်ထပ် ၁ ရက် ၂ ရက်အတွင်း ပုံကြမ်း အပြီးသတ်မှာဖြစ်ကြောင်း၊ အဲဒီရုပ်တုနဲ့ ပန်းချီကားတွေကို သူတို့ ချင်းရိုင် အနုပညာရှင်အသင်းဝင် ၃ဝဝ ကျော်က ဝိုင်းဝန်းလုပ်ဆောင်ကြမှာမို့ ရန်ပုံငွေအတွက်လည်း ပူပင်စရာမရှိဘူးလို့ ပြောပါတယ်။
ဂူထဲမှာ ခန်းမကြီးတခုလုပ်ပြီး ဆဲမ်းရဲ့ ရုပ်တုနဲ့ ပန်းချီကားတွေ ထားရှိသွားဖို့ ရည်ရွယ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းက ဓာတ်ပုံကောင်းကောင်းတွေ ရိုက်ထားခဲ့ရသူတွေလည်း အဲဒီနေရာမှာ လာရောက်ပြသထားနိုင်ကြောင်း၊ ဒီနေရာမှာ လူငယ် ၁၃ ဦး ကယ်ဆယ်ရေးလုပ်ငန်း အကြောင်းရော၊ သဘာဝဝန်းကျင်တွေ လေ့လာနိုင်သလို ကျောက်လိုဏ်ဂူကြီးရဲ့ အလှအပတွေပါ ကြည့်ရှုနိုင်မှာမို့ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတခု ဖြစ်နိုင်ကြောင်း၊ ဂူကြီးဟာ ထိုင်းအမျိုးသားဥယျာဉ်၊ သားရိုင်းတိရစ္ဆာန်နှင့် သစ်တောထိန်းသိမ်းရေးဌာန လက်အောက်မှာ ရှိတဲ့အတွက် သက်ဆိုင်ရာကို တင်ပြသွားမယ်လို့ ဆရာချလိုမ်ချိုင်းက ပြောသွားပါတယ်။
ထိုင်းအမျိုးသား အနုပညာရှင် ဆရာ ခလိုမ်ချိုင်း ချိုးဆစ်တဖိဖတ်ဟာ ချင်းရိုင်ခရိုင်မှာ အတော်ဆုံးလို့ သတ်မှတ်ထားတဲ့ ပန်းချီပန်းပု အနုပညာ ဗိသုကာရှင်တဦးဖြစ်ပြီး ချင်းရိုင်မြို့က နာမည်ကြီး ငွေရောင်ကျောင်းတိုက် (ဝပ်လောင်းခွန်ကျောင်းတိုက်) က အနုပညာလက်ရာတွေကို ဦးဆောင်ပုံဖော်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။
DVB
0 comments:
Post a Comment