Sunday, July 15, 2018

နိုင်ငံခြားသို့ လုပ်သားများစေလွှတ်နေသည့် အေဂျင်စီ ၂၅၀ ကျော်မှ ၁၆ ခုကို ပြစ်မှုအလိုက် ကာလကန့်သတ်ချက်ဖြင့် ပိတ်သိမ်း


နိုင်ငံခြားသို့ လုပ်သားများစေလွှတ်နေသည့် အေဂျင်စီ ၂၅၀ ကျော်ထဲမှ အေဂျင်စီ ၁၆ ခုကို ပြစ်မှုအလိုက် ကာလကန့်သတ်ချက်ဖြင့် ပိတ်သိမ်းထားကြောင်းသိရသည်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများကို အကျိုးဆောင်လိုင်စင်များ ထုတ်ပေးလျှက်ရှိပြီး ပြည်ပနိုင်ငံများသို့ အလုပ်သမားများ စေလွှတ်ရာတွင် အေဂျင်စီများ လိုက်နာရန် စည်းကမ်းချက်များ ပျက်ကွက်ပါက ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့်အညီ တရားစွဲဆိုမှုများ လုပ်ဆောင်နေကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၂၅၆ ခုရှိပြီး ၄င်းတို့အနက် အေဂျင်စီ ၁၆ ခုကို ပြစ်မှုအလိုက် ကာလကန့်သတ်ချက်ဖြင့် ပိတ်သိမ်းထားခဲ့ပြီး ၁၉၉၂ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီလေးခုနှင့် တရားမဝင် အလုပ်သမားများ စုဆောင်းပြီး ငွေကြေးကောက်ခံခဲ့သူ ၄၅ ဦးကို တရားစွဲဆို ဆောင်ရွက်ထားကြောင်း သိရသည်။

“ ပြည်ပနိုင်ငံတွေကို အလုပ်သမားတွေ စေလွှတ်တာနဲ့ ပတ်သက်ပြီး အေဂျင်စီတွေဟာ သတ်မှတ်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ အလုပ်သမားတွေအတွက် ဥပဒေပါ ရပိုင်ခွင့်တွေနဲ့ အကျိုးခံစားခွင့်တွေ ပြည့်ပြည့်ဝဝ ရရှိဖို့ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ မိသားစုတွေကို လွှဲပို့ငွေတွေ စနစ်တကျ ပြန်လည်ပေးအပ်နိုင်ဖို့ကိုလည်း အေဂျင်စီတွေက အလေးထားပြီး ဆောင်ရွက်ပေးရမှာ ဖြစ်သလို လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေကိုလည်း အလုပ်သမားတွေအတွက် ပေးအပ်ကြဖို့ လိုပါတယ်။ ပွဲစားတွေ တရားမဝင် လူစုဆောင်းတာ တွေ့တာနဲ့ အချိန်မဆိုင်းဖော်ထုတ်မှာ ဖြစ်ပါတယ် ” ဟု အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က ပြောသည်။

မြန်မာနိုင်ငံတွင် လိုင်စင်ရ တရားဝင် ပြည်ပအလုပ်အကိုင် အေဂျင်စီများရှိနေသော်လည်း ပြည်ပနိုင်ငံများသို့ တရားမဝင် လုပ်သားစေလွှတ်မှုများ ရှိနေသေးကြောင်း၊ လိုင်စင် ရှိမရှိ စစ်ဆေးရန် လိုအပ်သလို လိုင်စင်ရှိနေသော်လည်း နာမည်ရှိမရှိ စုံစမ်းရန် လိုအပ်ကြောင်း၊ အေဂျင်စီက အစစ်အမှန် ဖြစ်နေသော်လည်း ကိုယ်စားလှယ် အလိမ်အညာများ ဖြစ်နေတက်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောင်သူရိန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment