ရန်ကုန် - မန္တလေးရထားသွားလာမှု စောင့်ကြည့်သည့်စနစ်ကို ဂျပန်ယန်းငွေသန်း ၁၀၀၀ အကုန်ကျခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား(နေပြည်တော်)မှ သိရသည်။
ရန်ကုန်၊ တောင်ငူ၊ သာစည်၊ မန္တလေးစသည့် မြို့များကိုစောင့်ကြည့်ရန်အတွက် ရထားသွားလာသည့်စနစ် (Train Monitoring System TMS)ကို တပ်ဆင်သွားမည်ဖြစ်ပြီး ယင်းစနစ်ကိုရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းနှင့်အတူ တပြိုင်နက်တည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ ရထားတွေကိုဘယ်ဘူတာဆိုက်ပြီ၊ ဘယ်ရောက်ပြီလဲဆိုတာကို ထိန်းချုပ်ချင်တာပါ။ နေပြည်တော်ကနေ စောင့်ကြည့်မှာပါ။ ဒီစနစ်ကို ဂျပန်ယန်းငွေသန်း ၁၀၀၀ အကုန်ကျခံပြီး တည်ဆောက်သွားမှာပါ။ လက်ရှိမှာ အမြန်ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် လမ်းပိုင်းလေ့လာဆန်းစစ်မှုတွေ လုပ်နေပါတယ် ” ဟု မြန်မာ့မီးရထား(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းကို အပိုင်းနှစ်ပိုင်းခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး Phase 1 လမ်းပိုင်းတွင် ပါဝင်သည့် ပဲခူးလမ်းပိုင်းကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လမ်းပိုင်းတစ်ခုလုံး အဆင့်မြှင့်တင်ခြင်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)၏ချေးငွေ ကန်ဒေါ်လာ ၂၇၁ ဒဿမ ၆၄ သန်းသုံးစွဲမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်အထိ ငါးနှစ်စီမံကိန်း သတ်မှတ်ထားကြောင်း သိရသည်။
စုသက်နှင်း(အကုန်သိသတင်းဌာန)
0 comments:
Post a Comment