Sunday, July 15, 2018

ထိုင်းတွင် နိုင်ငံမဲ့ကလေးများ အခွင့်အရေးနှင့် ဘေးကင်းလုံခြုံရေး အသိပညာပေးမှု မြင့်တက်


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ ခွန်နမ့်ဒွိုင်နန်းနွန်းဂူထဲကနေ ကယ်ထုတ်ခဲ့တဲ့ လူငယ်ဘောလုံးသမား ၁၂ ယောက်ထဲက ၃ ယောက်ဟာ နိုင်ငံမဲ့ကလေးတွေ ဖြစ်တာကြောင့်  ထိုင်းနိုင်ငံမှာ နိုင်ငံမဲ့ကလေးတွေရဲ့ အခွင့်အရေးနဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ အသိပညာပေးမှုတွေ မြင့်တက်လာပါတယ်။

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့မှာ မွေးဖွားခဲ့တဲ့ ထိုင်းတောဝက်ဘောလုံးအသင်းက ကလေး ၁၂ ယောက်နဲ့ သူတို့နည်းပြကို လိုဏ်ဂူထဲကနေ အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့ပြီးနောက် အဲဒီကလေးတွေထဲက ၃ ယောက်ဟာ နိုင်ငံမဲ့ဖြစ်နေခဲ့လို့ နိုင်ငံမဲ့ကလေးတွေ အရေးနဲ့ ဘေးကင်းလုံခြုံမှု အသိပညာပေးမှုအရေးဟာ သတိထားစရာကိစ္စ ဖြစ်လာပါတယ်။

ဒါဟာ လူတိုင်းစိတ်ဝင်စားခဲ့တဲ့ ထူးခြားတဲ့ ဂူတွင်းကယ်ဆယ်ရေးတခုတင် မဟုတ်တော့ပါဘူး။ ဒီ့ထက်ပိုတာက ဘေးကင်းအောင် ဘယ်လိုနေမလဲဆိုတဲ့ ကိစ္စဟာ ချင်းရိုင်ခရိုင်ထဲက ကျောင်းတွေမှာ ဆွေးနွေးပြောဆိုစရာကိစ္စ ဖြစ်လာပြီး ဘေးကင်းအောင် နေထိုင်နည်း အခြေခံသင်တန်းတွေကိုပါ ပေးလာပါတယ်။

ဆူမစ် ဝုဖာဖိုဟာ နိုင်ငံမဲ့ကလေးငယ်တွေ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ရေး ပြီးခဲ့တဲ့ ၁၆ နှစ်လုံးလုံး လုပ်နေခဲ့တဲ့ Plan International Thailand အဖွဲ့က ဥပဒေပညာရှင် ဖြစ်ပါတယ်။

သူ့ကို နိုင်ငံမဲ့သူတွေ အများဆုံးနေထိုင်တယ်လို့ ယူဆခံရတဲ့ ဘော့ကောင်းရွာမှာ မွေးဖွားခဲ့တာပါ။

“ထိုင်းမှာ နိုင်ငံမဲ့ကလေးတွေကို ရွှေ့ပြောင်းတွေလို့ ယူဆတော့ သူတို့မှာ အခြေခံပညာသင်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခံရခွင့်နဲ့ အလုပ်အကိုင်ရရှိရင်တောင် ကန့်သတ်ချက်ရှိပါတယ်။ တရားဝင် မှတ်ပုံမတင်ထားဘူးဆိုရင် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရနိုင်ပါဘူး။ ဒါပေမယ့် ပညာရေးနဲ့ ပတ်သက်လာရင်တော့ ထိုင်းအစိုးရက နိုင်ငံသားရော၊ ရွှေ့ပြောင်းရော ဘယ်သူပဲဖြစ်ဖြစ် အခြေခံပညာသင်သူခွင့်ကို တန်းတူညီမျှ ပေးထားပါတယ်” လို့ ဆုမစ်က ပြောပါတယ်။

ကိုယ်ထူကိုယ်ထ ကျောင်းတခုက ကျောင်းသားတွေကို အခုတော့ လိုဏ်ဂူတခုထဲ ပိတ်မိရင် အသက်ရှင်အောင် ဘယ်လိုနေထိုင်မလဲဆိုတာကို သင်ပေးနေပါပြီ။

Plan International Thailand ဟာ သဘာဝဘေးအန္တရာယ်များတဲ့ ဒေသတွေမှာ နေထိုင်တဲ့ ကလေးတွေကို ပညာပေးဖို့ ဘေးကင်းရေး ကျောင်းစီမံကိန်း စတင်နေပါတယ်။

“ကျမကျောင်းသားတွေကို သဘာဝဘေးအန္တရာယ်ဆိုတာ သူတို့နဲ့ အနီးနားမှာပဲရှိတယ်၊ အချိန်မရွေး ဖြစ်လာနိုင်တယ်ဆိုတာ သိစေချင်တယ်။ ထမ့်လွန်ဂူလိုနေရာထဲ ဝင်သွားရင် အရေးပေါ်အခြေအနေမှာသုံးတဲ့ အိတ်ရဲ့အရေးကြီးမှုကို ကျမကျောင်းသားတွေကို သင်ထားလိုက်တယ်။ အဲဒီမတိုင်ခင်တုန်းကလည်း ဖူးခက်မှာ သင်္ဘောမှောက်တယ်လေ။ အဲဒါကိုလည်း စာသင်ခန်းထဲ နမူနာယူတယ်။ ကြိုးဘယ်လိုချည်မလဲ၊ ရေမနစ်အောင် တယောက်နဲ့တယောက် ဘယ်လိုကူမလဲဆိုတာ ကျမ သူတို့ကို သင်ထားတယ်” လို့ ဆရာမ ဖရာသင်းသစ် ဆာလီဆောင်ဆွန်က ပြောပါတယ်။

ကျောင်းသားတွေ သူတို့ပတ်ဝန်းကျင်မှာ အန္တရာယ်နဲ့ ကြုံလာတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို သိရှိနိုင်ဖို့ ကိုယ်တိုင်ပါဝင်ပြီး သရုပ်ပြစေတဲ့ ကစားနည်းတွေလည်း အန္တရာယ်ကင်းအောင် နေထိုင်နိုင်ရေး သင်ခန်းစာတွေထဲမှာ ထည့်ထားပါတယ်။

“ဘေးကင်းအောင် ဘယ်လိုနေမလဲ ဆိုတာမျိုး ကျမသာ အတန်းထဲမှာ မသင်ခဲ့ရဘူးဆိုရင် အခက်ကြုံရတဲ့အခါ ဘယ်လိုကျော်လွှားရမလဲဆိုတာ သိမှာမဟုတ်ပါဘူး။ ကျမ လန့်မယ်၊ ထွက်ပြေးမယ်။ ဒါပေမယ့် အခုတော့ ဘေးအန္တရာယ် ကြုံလာတဲ့အခါ ကျမကိုယ်တိုင်ရော သူငယ်ချင်းတွေကိုရော ကယ်နိုင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိသွားတယ်” လို့ ကိုယ်ထူကိုယ်ထကျောင်းက ကျောင်းသူ ချန်ညာ ကန်တိုရာဖတ်က ပြောပါတယ်။

DVB

0 comments:

Post a Comment