Monday, July 16, 2018

အစ္စဏီအမှုနှင့်ပတ်သက်၍ တရားလိုဘက်မှ တရားရုံးလွှဲပြောင်းပေးရန် လျှောက်ထားသဖြင့် စစ်ဆေးချက်များကို ခေတ္တဆိုင်းငံ့ထားဟု ဆို


အဆိုတော်အစ္စဏီအမှုနှင့်ပတ်သက်၍ လက်ရှိတွင် တရားလိုမော်ဒယ်စူးရှထက်သည် တာမွေမြို့နယ်တရားရုံးမှ ခရိုင်တရားရုံးသို့လွှဲပြောင်းပေးရန် လျှောက်ထားသဖြင့် ယခင် ရုံးထုတ်စစ်ဆေးမှုများကို ခေတ္တရပ်ဆိုင်းထား ကြောင်း သိရသည်။

တာမွေမြို့နယ်တရားရုံး၌ ဇူလိုင်လ ၁၆ ရက်တွင် ၁၀ ကြိမ်မြောက်ရုံးချိန်းအဖြစ် အဆိုတော်အစ္စဏီကို ရုံးထုတ်ခဲ့ရာတွင် တရားလိုဘက်မှ တရားရုံးလွှဲပြောင်းလျှောက်ထားမှုကြောင့် အမှုတွဲမှာ ခရိုင်တရားရုံးဘက်သို့ ရောက်ရှိသွားပြီး အမှုစစ်ဆေးခြင်းမရှိခဲ့ကြောင်း သိရသည်။

“တရားလိုဘက်ကရုံးပြောင်းလျှောက်လိုက်တဲ့အတွက်အမှုတွဲက ခရိုင်တရားရုံးကိုရောက်သွားပြီပေါ့။ အဲဒါကြောင့် ဒီတာမွေတရားရုံးမှာအရင်စစ်ဆေးပြီးသားဟာတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ရတယ်။ ခရိုင်မှာ ဇူလိုင် ၂၀ ရက်နေ့ရုံးချိန်းဆိုလိုက်တဲ့အတွက် အဲဒီနေ့မှာ နှစ်ဖက်ရှေ့နေပါဝါအရင်တင်ရမယ်။ ပြီးတော့ ခရိုင်တရားရုံးကလက်ခံသင့်၊ လက်မခံသင့်ဆုံးဖြတ်လိမ့်မယ်” ဟု အစ္စဏီ၏ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောသည်။

အဆိုတော်အစ္စဏီကို ရည်းစားဟောင်းဖြစ်သူမော်ဒယ်စူးရှထက်(ခ)ဇာကြည်ဌေးက အဓမ္မမှု ၃၇၆၊ ပြင်းထန် နာကျင်စေမှု ၃၂၄၊ သာမာန်နာကျင်စေမှု ၃၂၃ ပုဒ်မ ၃ခုဖြင့် မေလ ၁၀ ရက်က တာမွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ရာမှ ရုံးချိန်း ၉ ကြိမ်မြောက်အထိစစ်ဆေးခဲ့ပြီးဖြစ်သည်။

ထိုသို့ စစ်ဆေးခဲ့ရာတွင် ၎င်းတို့အခင်းဖြစ်ပွားစဉ်က အဓမ္မပြုကျင့်မှုနှင့်ပတ်သက်ပြီး နှစ်ဖက်စလုံး၏ သုတ်ရည်သုတ်ပိုးမတွေ့ရှိကြောင်း သိရပြီး မော်ဒယ်စူးရှထက်သည် မွေးစာရင်းကိုပင်လိမ်လည်၍ တရားရုံး၌ တိုင်ကြားထားခဲ့ကြောင်း ပေါ်လွင်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေဦးကျော်ဇင်ဦးက မီဒီယာများသို့ ဖြေကြားထားခဲ့ဖူးသည်။

ဒါးဇ(အကုန်သိသတင်းဌာန) 


0 comments:

Post a Comment