Tuesday, July 10, 2018

လူမှုကွန်ရက်စံနှုန်းများကို နားလည်သဘောပေါက်အောင် FB မှ တရားဝင်ကြေညာ


ယနေ့ခေတ်တွင် အသုံးများနေသည့် လူမှုကွန်ရက်စံနှုန်းများအကြောင်းးကို နားလည်သဘောပေါက်အောင် Facebook  မှ တရားဝင် ကြေညာထားကြောင်း သိရသည်။

ယင်းကြေညာချက်တွင် ဘေးကင်းမှု၊ စကားသံများနှင့် သာတူညီမျှမှု၊ အမုန်းစကားကိုအဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ လူမှုကွန်ရက်စံနှုန်းတွေကို တစ်သမတ်တည်း မျှတစွာ ကျင့်သုံးထားသည်ကို သေချာအောင်ပြုလုပ်ခြင်း၊ အကောင့်လုံခြုံရေးကိစ္စဆိုင်ရာ ဖြေရှင်းခြင်း၊ မြန်မာနိုင်ငံအတွက် ကတိပေးချက် အချက်တို့ပါဝင်ကြောင်း သိရသည်။

Facebook ကဲ့သို့ အွန်လိုင်းဝန်ဆောင်မှုများကို အသုံးပြု၍ မိသားစုနှင့် သူငယ်ချင်းများ ဆက်သွယ်ချိတ်ဆက်ခြင်းသည် မြန်မာနိုင်ငံသုံးစွဲသူလူထုအတွက် ကောင်းကျိုးများရရှိစေနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် လူဦးရေများထဲမှ ၁၈ မီလီယံသည် Facebook ပုံမှန်သုံးပြီး အင်မတန် အကျိုးရှိသည့် အလုပ်များ၊ ကောင်းမှုများ လုပ်ရာတွင် အထောက်အကူပေးရန် လူမှုအသိုင်းအဝိုင်းများအား စုစည်းပေးခြင်း၊ အဖြစ်အပျက်တွေအတွက် အရေးပါသည့်နေရာမှ ပါဝင်စေလိုသည်ဖြစ်ဖြစ် တသီးတခြားဖြစ်နေသည့် လူတွေကို လူမှုပတ်ဝန်းကျင်နှင့် အဆက်အသွယ်မပြတ်အောင် ကူညီပေးခြင်း အစရှိသည့် ဥပမာ သာဓကများကို တွေ့ရကြောင်း သိရသည်။

ယင်းအပြင် ဘေးကင်းမှု၊ စကားသံများနှင့် သာတူညီမျှမှုတွင် Facebook ၏ လူမှုကွန်ရက်စံနှုန်းတွေကို နှစ်ပေါင်းများစွာတိုင်အောင် အဓိက အခြေခံသဘောတရား (၃) ခု ဖြစ်သည့် ဘေးကင်းမှု၊ စကားသံများနဲ့ သာတူညီမျှမှု စတာတွေနဲ့အညီ အာရုံစိုက်တည်ဆောက်ထား လျက်ရှိကြောင်း သိရသည်။

အမုန်းစကားကိုအဓိပ္ပာယ်ဖွင့်ဆိုရာတွင် တစ်ပါးသူ၏ ကိုယ်ပိုင်ဂုဏ်ပုဒ်တွေ ဖြစ်သည့် အသားအရောင်၊ လူမျိုး၊ နိုင်ငံ၊ ဘာသာရေး အဖွဲ့အစည်း၊ လိင်ပိုင်းဆိုင်ရာ အယူအဆ၊ လိင်၊ ကျား/မ ခွဲခြားသတ်မှတ်ခြင်း၊ မသန်စွမ်းသူများ၊ ပြင်းထန်သော ရောဂါခံစားနေရသူတွေနဲ့ ဆက်စပ်ပြီး တိုက်ခိုက်မှုတစ်စုံတစ်ရာ ပြုလုပ်ခြင်းကို ဆိုလိုကြောင်း သိရသည်။

လူမှုကွန်ရက်စံနှုန်းတွေကို တစ်သမတ်တည်း မျှတစွာ ကျင့်သုံးထားသည်ကို သေချာအောင်ပြုလုပ်ခြင်းတွင် Facebook မှ ပြဋ္ဌာန်းထားသည့် လူမှုကွန်ရက်စံနှုန်းများကို ကျင့်သုံးရာတွင် တသတ်မတ်တည်း မျှတမှု မရှိဘူးလို့ ဆိုကြသည့် စိုးရိမ်ပူပန်နေသူများ ရှိနေခြင်းကြောင့် သေချာရှင်းလင်းစွာ ပြောကြားလိုခြင်းတို့ဖြစ်သည်။

အကောင့် လုံခြုံရေးကိစ္စဆိုင်ရာ ဖြေရှင်းခြင်းတွင် အကောင့်လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုသည် မြန်မာနိုင်ငံတွင် အထူးကြုံတွေ့ရသည့် အရာတစ်ခုဖြစ်ပြီး တချို့တချို့၏ ဖေ့စ်ဘုတ်အကောင့်များသည် သူများဖွင့်ပေးထားခြင်းဖြစ်ပြီး ကိုယ်ပိုင်အီးမေးလ် ဖုန်းနံပတ်များနှင့် မဟုတ်ကြောင်း၊ ယင်းအတွက်ကြောင့် အကောင့် လုံခြုံမှုနဲ့ ခိုးယူမှုခံရခြင်းတွေကိုဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွက် ကတိပေးချက်တွင် လူအင်အား၊ မူဝါဒ၊ product ပိုင်းဆိုင်ရာနှင့် ပရိုဂရမ်များကို ရင်းနှီးမြုပ်နှံထားပြီး Facebook ကို အားကိုးတကြီး အသုံးပြုကာ Facebook ကြောင့် အကျိုးရရှိနေသည့် သန်းပေါင်းများစွာသော နေ့စဉ်အသုံးပြုသူတွေကို ကာကွယ်ပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စုသက်နှင်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment